ရန်ကုန်၊ စက်တင်ဘာ ၁၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စျေးဝယ်စင်တာတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးပြီးနောက် တရားမဝင် အလုပ်လုပ်ကိုင်နေသည်ဆိုကာ အမျိုး သမီးများအပါအဝင် မြန်မာနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနတစ်ခုဖြစ်သော Khaosod English က သတင်းဖော်ပြထားသည်။
ယမန်နေ့က ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် အထောက်အထားမရှိဘဲ ဝင်ရောက်လာသည့် နိုင်ငံခြားသားများနှင့် စီးပွားရေးလုပ်ကိုင်နေသူများအား ထိုင်းလူဝင်မှုကြီးကြပ်ရေး ဗျူရိုမှ တာဝန်ရှိသူများနှင့် ထိုင်းရဲတပ်ဖွဲ့တို့မှ လိုက်လံစစ်ဆေးမှုအရ ဘန်ကောက်ရှိ လူစည်ကားရာနေရာဖြစ်သော ပသူဝမ်ဧရိယာရှိ စျေးဝယ်စင်တာတစ်ခုအား စစ်ဆေးရာမှ အမျိုးသမီးများအပါအဝင် မြန်မာနိုင်ငံသား ၁၈ ဦးအား ဖမ်းဆီးရမိခြင်းဟု သတင်းဖော်ပြချက်အရ သိရသည်။
ဖမ်းဆီးခံရသူများမှာ ဈေးဝယ်စင်တာ၏ ၄ လွှာတွင် ဆိုင်ခန်း ၄ ခန်း၊ ၃ လွှာတွင် ဆိုင်ခန်း ၅ ခန်းနှင့် ၂ လွှာတွင် ဆိုင်ခန်း ၁ ဆိုင်ခန်းတို့၌ အိတ်၊ အဝတ်၊ ဖိနပ်နှင့် ဖုန်းအိတ်များကို ရောင်းချသည့်ဆိုင်များတွင် အလုပ်လုပ်ကိုင်နေသူများဟု သိရသည်။
ထိုသို့ စျေးဝယ်စင်တာအား ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးစဉ် အချင်းချင်းသတိပေးမှုအရ လွတ်မြောက်သွားသူများလည်းရှိကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ ထိုင်းဘတ်ငွေ ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ကြေးဆောင်ရနိုင်ခြေရှိသကဲ့သို့ အလုပ်ရှင်အနေဖြင့်လည်း ဒဏ်ကြေး ဘတ်တစ်သိန်းအထိ ပြစ်ဒဏ်ချခံရနိုင် ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ကားဖြင့်သွားပါက ၄၅ မိနစ်ခန့်သွားရသည့် မဲ့ကဆာကျေးရွာရှိ နေအိမ်တစ်လုံးတွင် ငှားရမ်းနေထိုင်သည့် မြန်မာနိုင်ငံသားများမှာ တရားမဝင်ဒရုန်းများ တပ်ဆင်ထုတ်လုပ်နေကြောင်း ကျေးရွာအတွင်း နေထိုင်သူများ၏ သတင်းပေးချက်အရ ဒေသဆိုင်ရာ အာ ဏာပိုင်များက ဝင်ရောက်စစ်ဆေးရာ အမျိုးသမီးများအပါဝင် မြန်မာနိုင်ငံသား ၁၀ ဦးခန့်အား နည်းပညာမြင့် ဒရုန်းများ၊ လက်လုပ်ဒရုန်းများနှင့် ပရင်တာများနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း ဒေသခံ ထိုင်းနိုင်ငံသားများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားထားချက်အရ သိရသည်။
မောင်ဇော်
Photo – Khaosod English
ပုံစာ- ယမန်နေ့က ဘန်ကောက်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများအား တွေ့ရစဉ်။
ဘန်ကောက်ရှိ စျေးဝယ်စင်တာတစ်ခုတွင် စျေးရောင်းချနေသည့် မြန်မာ ၁၈ ဦး ဖမ်းဆီး ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်