ဘန်ကောက်၊ မေလ ၁၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချက်တူချက်ခရိုင်ရှိ အစိုးရစာရင်းစစ်ရုံး (SAO) ပြိုကျမှုတွင် တာဝန်ရှိသူအင်ဂျင်နီယာများ၊ စီမံကိန်းကြီးကြပ်ရေးမှူးများနှင့် ဆောက်လုပ်ရေးကန်ထရိုက်တာများအပါအဝင် လူ ၁၇ ဦးအား ဖမ်းဝရမ်းထုတ်ရန် ဘန်ကောက်ရဲတပ်ဖွဲ့ကပြင်ဆင်နေကြောင်း ဘန်ကောက်ပို့စ်သတင်းစာက မေ ၁၄ ရက်၊ နေ့စွဲဖြင့် သတင်းရေးသားထားသည်။
အစိုးရစာရင်းစစ်ရုံး အထပ် ၃၀ ရှိ ရုံးအဆောက်အဦဒီဇိုင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး စာရွက်စာတမ်းများနှင့် သက်သေခံအထောက်အထားများကို မြို့တော်ရဲဗျူရို(MPB)က ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဖမ်းဝရမ်းထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင်ဖော်ပြခဲ့သည်။
“ မြို့တော်ရဲဗျူရို(MPB)က စုဆောင်းထားတဲ့ အထောက်အထားတွေထဲမှာ အင်ဂျင်နီယာများကောင်စီရဲ့ သဘောထားမှတ်ချက်တွေရယ်။ ထိုင်းအစိုးရအင်ဂျင်နီယာဌာနနဲ့ ချူလာလောင်ကွန်းတက္ကသိုလ်တို့မှ ကျွမ်းကျင်ပညာရှင်တွေရဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ သံမဏိသံချောင်း၊ ကွန်ကရစ်ဖျော်စပ်ပုံနမူနာ ၃၀၀ ကျော်ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာ မှုခင်းဆေးပညာဆိုင်ရာ လက်မှတ်စစ်ဆေးမှုစသဖြင့် ပါဝင်ခဲ့ပါတယ်” ဟု ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။

အဆိုပါ ဆောက်လက်စ စာရင်းစစ်ရုံးပြိုကျမှု၌ တာဝန်ရှိသူ ၁၇ ဦးအနက် ဆောက်လုပ်ရေးလုပ်ငန်းကြီးကြပ်အဖွဲ့၊ အီတာလျံ-ထိုင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ တရုတ်ရထားသံ လမ်းအမှတ်(၁၀)အင်ဂျင်နီယာအဖွဲ့ကုမ္ပဏီတို့မှ ဝန်ထမ်းများကို အုပ်စုသုံးခုခွဲခြားသတ်မှတ်ထားခဲ့ကြောင်း ထိုင်းရဲသတင်းရင်းမြစ်များကိုကိုးကား၍ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။
ဆောက်လုပ်ရေးကြီးကြပ်ရေးမှူးများနှင့် စီမံကိန်းတွင်ပါဝင်လက်မှတ်ရေးထိုးထားသည့် အင်ဂျင်နီယာများသည် အင်ဂျင်နီယာဆိုင်ရာစံနှုန်းများကို လိုက်နာရန်ပျက်ကွက်ခြင်းကြောင့် လူသေဆုံးမှုအထိ ဖြစ်ပေါ်စေခဲ့ကြောင်း ထိုင်းနိုင်ငံတွင်ပြဋ္ဌာန်းထားသော ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၂၇ နှင့် ၂၃၈ အရ တရားစွဲဆိုခံရနိုင်ကြောင်း သိရသည်။
အလားတူ ယင်းစီမံကိန်းတင်ဒါတွင် လိမ်လည်မှုစွပ်စွဲချက်များ၊ တင်ဒါအောင်ရန် ဆန်ခါတင်စာရင်းဝင်အောင် ကြိုးစားမှုများနှင့်ဆက်စပ်သော တရားရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိကြောင်း ထိုင်းစာရင်းစစ်ချုပ် Montien Charoenphol က မေ ၁၃ ရက်တွင် ဘန်ကောက်ပို့စ်သတင်းစာသို့ ပြောကြားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်က မြန်မာနိုင်ငံကိုဗဟိုပြု၍ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ဆောက်လက်စ အစိုးရစာရင်းချုပ်ရုံးအပါအဝင် ဘန်ကောက်မြို့မှ အထပ်မြင့်အဆောက်အဦများ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ဆောက်လက်စ အစိုးရစာရင်းချုပ်ရုံး ပြိုကျပျက်စီးမှုတွင် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေသူ ၁၀၉ ဦးအနက် ကယ်ဆယ်ရေးသမားများက ထိခိုက်ဒဏ်ရာရှိသူ ၁၁ ဦးကို အသက်ရှင်လျက်ကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူရုပ်အလောင်း ၈၉ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကာ လူ ၉ ဦးက ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – ဘန်ကောက်ပို့စ်
#ယနေ့ခေတ်
ဘန်ကောက်တွင် ငလျင်ဒဏ်ကြောင့် ဆောက်လက်စ စာရင်းစစ်ရုံးပြိုကျမှု၌ တာဝန်ရှိသူ ၁၇ ဦးအား ဖမ်းဝရမ်းထုတ်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်