ရန်ကုန်၊ နိုဝင်ဘာ ၁၇
အချို့ပုဂ္ဂလိကဘဏ်များတွင် ဝန်ထမ်းများကို လစာများကြိုတင်ထုတ်ပေးနေကြောင်း ထွက်ပေါ်ခဲ့သည့် သတင်းများမှာ သတင်းအမှားများဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ဖြေရှင်းထားသည်။
ယခုရက်ပိုင်းအတွင်း လှုမှုကွန်ရက်စာမျက်နှာ၌ တပ်နှင့် လက်နက်ကိုင်အချို့ တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင် မြို့နယ်များရှိ ဘဏ်အချို့၏ ဘဏ်ခွဲများမှ ဝန်ထမ်းများကို နှစ်လစာ ကြိုတင်ထုတ်ပေးပြီး လုပ်ငန်းခွင်သို့မလာကြရန် ပြောဆိုသည်ဆိုသည့် ရေးသားမှုများ ပြန့်နှံ့ခဲ့သည်။
ယင်းအပေါ် ဗဟိုဘဏ်က “ယခုလက်တလောကာလတွင် အများပြည်သူအကျိုးစီးပွား ပျက်စီးစေရန် မသမာသူလူတစ်စုက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။” ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ထုတ်ပြန်ချက်များသည်လည်း မဟုတ်မမှန်သော သတင်းမှားများသာဖြစ်ကြောင်းလည်း ဆိုသည်။
ရိုးမဘဏ်ကလည်း နိုဝင်ဘာ ၁၆ ရက် နေ့စွဲဖြင့် မြစ်ကြီးနားရှိ ဘဏ်ခွဲအားလုံး အင်တာနက်လိုင်းများ ပြန်လည်ပြုပြင်မည်ဖြစ်သည့်အတွက် ဘဏ်ဝန်ဆောင်မှုအား ယာယီပိတ်ထား မည်ဟု အသိပေးကြေညာထားသည်။
ယခုအခါ အင်တာနက်လိုင်းများပြင်ဆင်ပြီးစီးပြီဖြစ်သည့်အတွက် ရိုးမဘဏ် မြစ်ကြီးနားဘဏ်ခွဲအား နိုဝင်ဘာလ ၁၇ ရက်(သောကြာနေ့) တွင် ပြန်လည်ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင် မှုများ ပေးလျက်ရှိကြောင်း ထပ်မံအသိပေးထားသည်။
ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ပြီး ဘဏ်များ၏ ဘဏ်ခွဲအသီးသီးတွင် Core Banking System အရ အများပြည်သူ အပ်နှံငွေစာရင်းအချက်အလက်များကို အဆင်ပြေချောမွေ့ စွာ သိရှိနိုင်သဖြင့် နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်ကြောင်း ထုတ်ပြန် ထားသည်။
ဒီဂျစ်တယ်နည်းလမ်းများဖြင့်လည်း ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုရယူခြင်း၊ ပေးချေမှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ပြီး ဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများ ဖြန့်ဝေသူများကို ဥပဒေပြဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်သောပြစ်ဒဏ်များ ချမှတ် နိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ်က အသိပေးထားသည်။
ဓာတ်ပုံ – အင်တာနက်
ဘဏ်ဝန်ထမ်းအချို့ကို နှစ်လစာကြိုထုတ်ပေးသည့်သတင်း မမှန်ကြောင်း ဗဟိုဘဏ် ဖြေရှင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်