ရန်ကုန်၊ မတ် ၁၄
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်လာသည့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၁၇၇ ဦးအား နေရပ်ပြန်ပို့ရန် မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်ညှိနှိုင်းနေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က မတ်လ ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒါကာထရီဗျူးသတင်းဌာနသို့ ပြောကြားခဲ့သည်။
“မတ် ၁၁ ရက်က မြန်မာနယ်ခြားစောင့်တပ်က ၁၇၇ ဦးဝင်လာတယ်။ သူတို့နဲ့အတူ အရပ်သားတချို့လည်းဝင်လာပေမဲ့ လက်မခံပါဘူး။ အရင်တုန်းကလိုပဲ ဒီလုံခြုံရေးတွေကို ပြန်ပို့ဖို့ မြန်မာဘက်နဲ့ ညှိနေပါတယ်။” ဟု ဘင်္ဂလားဒေ့ရ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က သတင်းမီဒီယာများနှင့်တွေ့ဆုံစဥ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။
အဆိုပါ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၁၇၇ ဦးသည် အိမ်နီးချင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခိုလှုံလာသူများဖြစ်ကြောင်း ထွက်ဆိုကြသည်ဟု ဘင်္ဂလားဒေ့ရ်အခြေစိုက် ဒါကာထရီဗျူးသတင်းဌာနတွင် ဖော်ပြပါရှိသည်။
အိမ်နီးချင်းနိုင်ငံသို့ ဘန်ဒါဟန်မြို့၊ နိုင်ကျုံချာရီအူဇီအနီး နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးလာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ထံသို့ မတ် ၁၁ ရက်က မြန်မာနယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခိုလှုံခွင့်တောင်းခံခဲ့ကြောင်း ဆိုသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအာဏာပိုင်များနှင့် အဆက်အသွယ်မပြတ်ရှိနေပြီး လိုအပ်လျှင် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကို ဆင့်ခေါ်သွားမည်ဟု ဒေသတွင်း အခြေ စိုက်သတင်းမီဒီယာများသို့ ဟာဆန်မာမွတ်က ပြောကြားခဲ့သည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ-cj
ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်လာသော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၁၇၇ ဦးကို ပြန်ပို့ရန် ညှိနှိုင်းနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်