ဒက္ကာ၊ ဒီဇင်ဘာ ၁၇
ဘင်္ဂလားဒေရှ့် အိမ်စောင့်အစိုးရအဖွဲ့အကြီးအကဲ မူဟမ်မက် ယူနွတ်က အထွေထွေရွေးကောက်ပွဲကို လာမည့်နှစ်အတွင်း သို့မဟုတ် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဘင်္ဂလားဒေရှ့်နိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲများကြောင့် ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ရာထူးမှပြုတ်ကျခဲ့ပြီးနောက် ယူနွတ်သည် သြဂုတ်လတွင် ဘင်္ဂလားဒေရှ့် အိမ်စောင့်အစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။
အသက် ၈၄ နှစ်အရွယ်ရှိ ယူနွတ်က လူဦးရေသန်းပေါင်း ၁၇၀ ကျော်ရှိနေသည့် ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ ခိုင်မာအားကောင်းစေရန် စိန်ခေါ်မှုများရှိနေသည့်အတွက် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် အဓိကထား ကြိုးပမ်းလုပ်ဆောင်ရမည်ဟု ပြောသည်။
ယူနွတ်က “ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ကျင်းပသွားမယ်။” ဟု ပြောသည်။
ယူနွတ်က ရွေးကောက်ပွဲကျင်းပမည့်ရက်သည် နိုင်ငံရေးပါတီများ သဘောတူညီချက်အပေါ်တွင် မူတည်ကြောင်း၊ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲမည့် ကြီးကြပ်ရေးကော်မတီကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောသည်။
၎င်းက “ ရွေးကောက်ပွဲမကျင်းပခင် ပြုပြင်ပြောင်းလဲရေးများကို အဓိကဦးစားပေးလုပ်ဆောင်ရမယ်။ ရွေးကောက်ပွဲ မဲပေးမှုစနစ်လိုမျိုး ရွေးကောက်ပွဲနဲ့ ဆက်နွယ်တာတွေကို လုပ် ဆောင်ရမယ်။ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲကို နိုဝင်ဘာလအကုန်မှာ ကျင်းပနိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လတွေမှာ ရွေးကောက်ပွဲမဲပေးမှုစနစ်နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေဟာ နှောင့်နေးခဲ့ရတယ်။ ရွေးကောက်ပွဲစနစ်မှာ အမည်စာရင်းမမှားအောင်၊ အသက်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရှိမယ့်သူစာရင်းတွေကို ဂရုစိုက်လုပ် ဆောင်ရမယ်။” ဟု ပြောသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများကြောင့် ဝန်ကြီးချုပ်ရှိတ်ဟာစီနာသည် ပြည်ပထွက်ပြေးခဲ့ရသော်လည်း လက်ရှိအချိန်တွင် ဆန္ဒပြပွဲတွင်ပါဝင်သူများကို သေဆုံးအောင်လုပ်ဆောင်ခဲ့သော စွပ်စွဲချက်များနှင့်ရင်ဆိုင်နေရပြီး ဖမ်းဝရမ်းထုတ်ခံထားရကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဘင်္ဂလားဒေရှ့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် သို့မဟုတ် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ကျင်းပမည်ဟု မူဟမ်မက် ယူနွတ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်