ရန်ကုန်၊ ဒီဇင်ဘာ ၆
AD လိုင်စင်ရဘဏ်များ နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်မှ ငွေလဲလှယ်နှုန်း မသတ်မှတ်တော့ပဲ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုသွားမည်ဖြစ် ကြောင်း ဒီဇင်ဘာ ၅ ရက် နေ့စွဲဖြင့် ဗဟိုဘဏ်မှ ကြောညာချက်ထုတ်ပြန်ထားသည်။
အဆိုပါသတ်မှတ်ချက်သည် ပို့ကုန်သမားများအတွက်သာ အဆင်ပြေပြီး သွင်းကုန်လုပ်ငန်းရှင်များအတွက် အခက်အခဲများစွာရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
“ အပြင်ပေါက်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်ခွင့်ပေးတယ်ဆိုတော့ ပို့ကုန်သမားတွေအတွက်က အဆင်ပြေတယ်။ သွင်းကုန်သမားတွေအတွက် အဆင်မပြေဘူး။ ဒီဟာကြောင့် ဒေါ်လာဈေးတွေက တတ်လာနိုင်တယ်။ တစ်ဖက်က ပစ္စည်းတွေပြန်သွင်းတဲ့အခါ ပြည်တွင်းမှာ ဈေးကတတ်လာနိုင်တယ်။” ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အဆိုပါကြေညာချက်အရ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ပဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသော ငွေလဲလှယ်နှုန်းပေါ် မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့် နိုင်ငံခြားငွေအား ပြည်ပသို့လွှဲ ပြောင်းရာတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ နှင့်အညီ လွှဲပြောင်းပေးရန်ဖြစ်ကြောင်း အကြောင်းကြားထားသည်။
“ ၁၀၀ ရာခိုင်နှုန်းကို အပြင်ပေါက်ဈေးနဲ့ ရောင်းရမယ်လို့ပြောတာမဟုတ်ပါဘူး။ ၅၀/၅၀ ကိုပဲ ဖြေလျှော့ပေးလိုက်တဲ့သဘောပါ။ ၅၀ ရာခိုင်နှုန်းကို အရင်က Online trading နဲ့ ရောင်းခွင့်ကနေ အခုအပြင်ပေါက်ဈေးနဲ့ ရောင်းခွင့်ပြုလိုက်တဲ့သဘောပါ။ ဒါကလည်း Exporter သမားတွေအတွက်ပဲပေါ့။ အရင်ထက် ပို့ကုန်ကို ပိုပြီးတင်ပို့နိုင်တာပေါ့။ ဒေါ်လာ ဈေးနဲ့တော့ ဘာမှမဆိုင်ပါဘူး။” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခင်က ပို့ကုန်တင်ပို့မှုမှရရှိသည့် နိုင်ငံခြားငွေများမှ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်ဈေးဖြစ်သည့် ၂၁၀၆ ဒသမ ၃ ကျပ်ဖြင့် ရောင်းချပေးရခြင်းကြောင့် Exporter များအနေ ဖြင့် တစ်ဒေါ်လာလျှင် ပျမ်းမျှ ၇၉၀ ကျပ် အရှုံးပေါ်နေကြောင်း သိရသည်။ ထို့ကြောင့် ပို့ကုန်တင်ပို့မှု လျော့နည်းလာခြင်းဖြစ်ကြောင်း Exporter အသိုင်းအဝိုင်းမှ သိရသည်။
“ ဟိုတုန်းကလည်း အပြင်ပေါက်ဈေးနဲ့ လွှတ်ပေးထားတာပေါ့နော်။ ဟိုးတုန်းကတည်းက Market Rate နဲ့သွားနေတာ။ နောက်ပိုင်းကျတော့ Control ပြန်လုပ်တာ။ အခုကျတော့ Control လုပ်ထားတာကို ပြန်ဖြေလျှော့လိုက်ပြီးတော့ အပြင်ပေါက်ဈေးနဲ့ လွတ်လွတ်လပ်လပ် ပိုပြီးရောင်းဝယ်လို့ရအောင်ပေါ့။ အဓိက Exporter ၊ Importer သမားတွေအတွက် လွတ်လွတ်လပ်လပ်လုပ်လို့ရအောင် လုပ်ပေးတယ်လို့ပဲ မြင်ပါတယ်။” ဟု A Bank မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဓာတ်ပုံ – အင်တာနက်
ဗဟိုဘဏ်၏ ငွေလဲလှယ်နှုန်းအပြောင်းအလဲသည် သွင်းကုန်သမားများအတွက် အခက်အခဲရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်