ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များကို မလိုက်နာသည့် Ngee Myinn Phyu Co.,ltd ကို လိုင်စင်ခြောက်လ ဆိုင်းငံ့

ရန်ကုန်၊ မတ် ၁၄

နိုင်ငံခြားငွေလဲလှယ်ရောင်းချသည့်လုပ်ငန်း လုပ်ကိုင်သည့် Ngee Myinn Phyu Co.,ltd ကို ဗဟိုဘဏ်ကထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များကို မ လိုက်နာခြင်းကြောင့်ဟုဆိုကာ လိုင်စင်ခြောက်လဆိုင်းငံ့ထားကြောင်း ဗဟိုဘဏ်‌က မတ် ၁၃ ရက် နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။

၂၀၁၃ ခုနှစ်၊ မတ်လ ၆ ရက်တွင် ခွင့်ပြုထုတ်ပေးထားသည့် Money Changer လိုင်စင်အမှတ် – CBM FEMD-38/2013 ရရှိထားသော Ngee Myinn Phyu Co.,ltd သည် Money Changer လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အတွက် လိုင်စင်ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း သိရသည်။

“ အခု Money Changer ဆိုင်တွေကို ရှောင်တခင်ဝင်စစ်နေတာတွေရှိတယ်။ အဲဒါကြောင့် လောလောဆယ်တော့ အရောင်းအဝယ်ခဏရပ်ထားတယ်။ တချို့ဆိုင်တွေလည်း အဲဒီလိုပဲ။ သူတို့ကသာ ဒေါ်လာဈေးမြင့်နေလို့ Money Changer တွေကို လိုက်စစ်နေတာ။ အမှန်က ပို့ကုန်သွင်းကုန်သမားတွေကြောင့် ဒေါ်လာဈေးကတတ်နေတာ။” ဟု စီးပွရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၂ ကိုဖောက်ဖျက်ခြင်းဖြစ်သည့်အတွက် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအပုဒ်မ ၃၅ (ခ) အရ Ngee Myinn Phyu Co.,ltd ၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်အား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်မှစတင်ပြီး ခြောက်လဆိုင်းငံ့လိုက်ကြောင်း သိရသည်။

ထို့ပြင် Thura Nay Tun (Fame Money Changer)၊ Lead Star Money Changer၊ Steber Group Money Changer နှင့် Asia Shwe Thee Money Changer လေးခုအား ဥပဒေပါအချက်များ လိုက်နာမှုရှိဟုဆိုကာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင် သုံးလရပ်ဆိုင်းထားကြောင်းလည်း သိရသည်။

ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နှင့် မတ်လ ၈ ရက်တို့တွင် ရန်ကုန်မြို့ရှိ နိုင်ငံ ခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာမှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ ဒေါ်လာငွေဆက်တိုက် ထုတ်ရောင်းပေးခဲ့မှုကြောင့် တစ်ဒေါ်လာ ကျပ် ၃၅၀၀ သို့ ပြန်ကျဆင်းခဲ့‌ကြောင်း သိရသည်။

သို့သော် ဒေါ်လာဈေးမှာ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ကျော်သို့ ပြန်လည်မြင့်တက်လာ၍ ဗဟိုဘဏ်က ဒေါ်လာများ ထပ်မံထုတ်ရောင်းချပေးခဲ့သော်လည်း ဖေဖော်ဝါရီ ၂၂ ရက်တွင် တစ်ဒေါ်လာ ၃၆၀၀ သို့ စတင်ရောက်ရှိခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ၃၆၅၅ ကျပ်အထိ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

စုစု

ဓာတ်ပုံ – CJ

ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များကို မလိုက်နာသည့် Ngee Myinn Phyu Co.,ltd ကို လိုင်စင်ခြောက်လ ဆိုင်းငံ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.