ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ကချင်ပြည်နယ်၊ မံစီမြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံရှစ်ရာနီးပါးမှာ ဗန်းမော်မြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လျက်ရှိကာ အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေသတွင်းစစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယခုရက်ပိုင်းအတွင်း မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာအနီးတဝိုက်၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် စီခမ်းကြီး၊ စီကော်၊ ခါချဉ်၊ မွန်စင့်၊ သံတံတားနှင့် မက်လင်ကျေးရွာများအပါအဝင် ကျေးရွာအချို့မှ ဒေသခံရှစ်ရာနီးပါးမှာ ဗန်းမော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် နီးစပ်ရာနေအိမ်များသို့ လာရောက်၍ စစ်ရှောင်နေရကြောင်း သိရသည်။
“ ခန့်မှန်းခြေက ၇၀၀၊ ၈၀၀ လောက်တော့ရှိမယ်။ နေရာအနှံ့မှာ ခွဲပြီးနေတာဆိုတော့ အတိအကျတော့ မသိရဘူး။ ၁၈ ရက်နေ့လောက်တည်းက ဗန်းမော်မြို့ကို ရောက်လာကြတာ။ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဆွေမျိုးအိမ်တွေမှာ နေ,နေကြတယ်။” ဟု စစ်ရှောင်များအားကူညီပေးနေသည့် သုညသုခ ပရဟိတလူငယ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများအနီးရှိ မံသာကျေးရွာနှင့် အနီးတဝိုက်ကျေးရွာများတွင်လည်း ဒေသခံရှစ်ရာနီးပါး စစ်ဘေးတိမ်းရှောင်လျက်ရှိနေကြောင်း သိရသည်။
“ မံသာဆိုတဲ့ ရွာမှာလည်း စစ်ရှောင်လူဦးရေ ၇၄၁ ယောက်ရှိတယ်။ အဲ့ဒီနားကရွာတွေက တိုက်ပွဲဖြစ်တဲ့နေရာနဲ့ဆို ၁၂ မိုင်လောက်ပဲဝေးတယ်။ ဗန်းမော်နဲ့ကျ ၂၈ မိုင်လောက်သွားရတော့ နည်းနည်းအလှမ်းဝေးတယ်။” ဟု စစ်ရှောင်ကူညီသည့် ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောကြားသည်။
လက်ရှိတွင် အဆိုပါစစ်ရှောင်များအတွက် အကူအညီများလိုအပ်လျက်ရှိနေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
“ လောလောဆယ် စားစရာ၊ စောင်၊ ခြင်ထောင်နဲ့ အဝတ်အထည်တွေ လိုအပ်တယ်။ နေတာက ဘုန်းကြီးကျောင်းတွေမှာနေတာဆိုတော့ အဆင်ပြေသေးတယ်။ အထုပ်အထည်နဲ့ ပြေးတာမဟုတ်ဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးရတဲ့သူများတဲ့အတွက် ဝတ်ဖို့အတွက် မြို့ထဲကလူတွေက ဝိုင်းလှူနေရတယ်။ စားဖို့လည်း ဘုန်းကြီးကျောင်းက ကျွေးနေပေမဲ့ ရည်ရှည်ဆိုရင် လူဦးရေရာချီ၊ ထောင်ချီအတွက်က အခက်အခဲဖြစ်နိုင်တယ်။ ကျေးရွာဘက်တွေမှာ စစ်ရှောင်နေရသူတွေဆို စားရေးသောက်ရေး တော်တော်ခက်ခဲနေကြတယ်။” ဟု ပြောကြားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့က KIA , PDF ပူးပေါင်းအဖွဲ့က ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်စခန်းကိုတိုက်ခိုက်ရာမှ ယနေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဟု ဒေသတွင်းသတင်းများအရ သိရသည်။
နှစ်ဖက်တိုက်ပွဲကြောင့် ရက်ပိုင်းအတွင်း မံစံဒေသခံ နှစ်ထောင်ခန့်မှာ ဗန်းမော်မြို့ပေါ်၊ နီးစပ်ရာကျေးရွာများနှင့် တောစပ်များအတွင်း ထွက်ပြေးတိမ်းရှောင်လျက်ရှိနေကြောင်း သိ ရသည်။
အလားတူ ပြီးခဲ့သည့်ဇန်နဝါရီလက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျေးရွာအချို့တွင် နစကတပ်များနှင့် KIA ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွား၍ ဒေသခံ သုံး ထောင်ထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ – သုညသုခ ပရဟိတလူငယ်အသင်း
ဗန်းမော်၌ မံစီဒေသခံ ရှစ်ရာနီးပါး စစ်ရှောင်ရ၊ အကူအညီများ လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်