ဗန်းမော်ရှိ စစ်ရှောင်များအတွက် အကူအညီလိုအပ်နေ

ရန်ကုန်၊ မတ် ၂၁

ကချင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် ဗန်းမော်မြို့နှင့်ဆက်စပ်နေသော မြို့နယ်များမှ ဒေသခံများမှာ ဗန်းမော်မြို့ပေါ်တွင် လာရောက်စစ်ရှောင်လျက်ရှိကာ အဆိုပါစစ်ရှောင်များအတွက် အကူအညီများလိုအပ်နေကြောင်း ဒေသတွင်းစစ်ရှောင်ကူညီသူများက ယနေ့ခေတ်သို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း ဗန်းမော်မြို့အနီးရှိ မိုးမောက်မြို့နယ်တွင် တိုက်ပွဲများဖြစ်နေ၍ ဒေသခံများမှာ ဗန်းမော်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေရာ လတ်တလောတွင် စစ်ရှောင် ၆၀ ခန့်အတွက် စားနပ်ရိက္ခာအကူအညီများလိုအပ်နေကြောင်း စစ်ရှောင်များအားကူညီပေးနေသော သုညသုခပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

“ အခုတစ်ခေါက် တိုက်ပွဲဖြစ်တာက မိုးမောက်ထဲဖြစ်တာ။ မိုးမောက်နဲ့မံစီက ဗန်းမော်နဲ့ကပ်လျက်ဖြစ်နေတော့ စစ်ရှောင်တွေက ဗန်းမော်ကိုလာကြတာ။ ဒီရက်ပိုင်း စစ်ရှောင်ထပ်တိုးလာတာတွေရှိတယ်။ မြို့သစ်တို့၊ ဒေါ့ဖုန်းယန်တို့ဘက်က ပြောင်းလာတဲ့သူတွေ။ ခန့်မှန်းခြေ ၆၀ လောက်တော့ရှိတယ်။ သူတို့အတွက် နေထိုင်မှုတို့၊ စားသောက်စရိတ်တို့ အဲ့တာတွေလိုအပ်ပါတယ်။” ဟု ၎င်းကပြောသည်။

အဆိုပါစစ်ရှောင်များအား ဗန်းမော်မြို့ပေါ်ရှိ အောက်စီဂျင်စက်ရုံ၊ မင်းလှဘုန်းကြီးကျောင်းနှင့် ရိုးကြီးသုသာန်ကျောင်းတို့တွင် ယာယီနေထိုင်နိုင်ရန် စီစဉ်ပေးထားကြောင်း သိရ သည်။

ပြီးခဲ့သည့်လက ကချင်ပြည်နယ်အတွင်း စတင်ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲများကြောင့် လက်ရှိအချိန်အထိ ဗန်းမော်မြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင်နေရသူ တစ်ထောင်ဝန်းကျင်ရှိနေသေးကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားမြို့နယ်အပါအဝင် မြို့နယ် ၇ ခုထက်မနည်းတွင် နစကတပ်များနှင့် KIA လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများပြင်းထန်နေ၍ ဒေသခံသုံးသောင်းထက်မနည်းမှာ လတ်တလောစစ်ရှောင်နေရကြောင်း ဒေသတွင်းစစ်ရှောင်ကူညီသူများက ပြောသည်။

https://t.me/yanaekhit/82

#မောင်ဇော်

ဓာတ်ပုံ – သုညသုခ ပရဟိတအသင်း

#ယနေ့ခေတ်

ဗန်းမော်ရှိ စစ်ရှောင်များအတွက် အကူအညီလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.