ဗန်းမော်မြို့မှဒေသခံ သိန်းနှင့်ချီကာ စစ်ဘေးရှောင်နေရ ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံလူဦးရေ သိန်းနှင့်ချီကာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒီဇင်ဘာ ၄ ရက်နေ့မှစ၍ ဗန်းမော်မြို့တွင် KIA ကချင်လွတ်မြောက်ရေးတပ်နှင့် နစကတပ်တို့ တိုက်ပွဲများပြင်ထန်နေခြင်းကြောင့် ဗန်းမော်ရှိဒေသခံများ လူဦးရေသိန်းနှင့်ချီကာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ရွှေကူ ၂၅၀၀ ဘုရားထဲမှာဆို စစ်ဘေးရှောင်တွေ တော်တော်များတယ်။ ဘုရားထဲမှာ စစ်ဘေးရှောင် ခန့်မှန်းဆို ၆၀၀၀ ကျော်လောက်ရှိတယ်။ တစ်နေရာမှာပဲရှိသေးတယ်။ အခုက တစ်မြို့လုံးနီးပါး စစ်ရှောင်နေရာတာဆိုတော့ သိန်းကျော်လောက်ကိုရှိမယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပေါ်နေခြင်းကြောင့် စစ်ဘေးရှောင်များသွားလာရန် လမ်းခရီးများတွင် အခက်အခဲများရှိနေပြီး၊ စာနပ်ရိက္ခများလည်းလိုအပ်နေကြောင်း သိရသည်။

“တစ်ချို့ဆို ရေလမ်းတွေကနေ သွားရတာတွေရှိတယ်။ တစ်ချို့က ကုန်းလမ်းကနေသွားတယ်။ ဆိုင်ကယ်တွေနဲ့ သွားတာလဲရှိတယ်။ အဆင်ပြေသလိုလုပ်ပြီး လက်နက်နဲ့ဝေးရာကို ရှောင်ကြရတာပေါ့နော်။ လတ်တလော ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာ စားဖိုသောက်ဖို့ အဆင်ပြေသလိုပဲစားနေကြတာ။ ဘုန်းကြီးကျောင်းတွေက တော့ အတတ်နိုင်ဆုံးတော့ကျွေးပါတယ်။” ဟု စစ်ရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဗန်းမော်မြို့မှ  စစ်ဘေးရှောင်အချို့လည်း  မန္တလေးသို့ ထွက်ပြေးတိမ်းရှောင်လာကြသူများလည်းရှိနေကြောင်း ကားသမားတစ်ဦးထံမှ သိရသည်။

“စစ်ရှောင်တွေက ဗန်းမော်မှာတအားများတယ်။ စစ်ရှောင်တွေအဆင်ပြေအောင်လို့ ကျွန်တော်အနေနဲ့ ကားတွေကိုထွက်ပေးပါတယ်။ ဗန်းမော်က မန္တလေးကိုရှောင်တဲ့သူတွေလည်းရှိတယ်​။ တချို့က ရန်ကုန်ကိုရှောင်ကြတယ်။ ကားအစီး ၂၀ လောက်တော့ ထွက်ပေးပါတယ်။။ တစ်စီးဆိုအယောက် ၂၀ လောက်ပါတယ်။ တစ်စီးကို တစ်ခေါက်နှစ်သိန်းတော့ယူပါတယ်။ အခုဆိုရင် ဗန်းမော်ထဲဆက်သွယ်ဖို့က အဆင်မပြေလောက်တော့ဘူး။” ဟု ကားသမားတစ်ဦးက ယနေ့ခေတ်သို ပြောသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တစ်ပတ်အတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်နေပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံအချို့တွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများလည်းရှိနေပြီး၊ နေအိမ်အဆောက်အဦးများ ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီးလကုန်ပိုင်းကလည်း ကချင်ပြည်နယ်၊ မိုးမောက်၊ မန်စီ၊ ဆွမ်ပရာဘွန်မြို့နယ်တို့တွင် နစကတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ဒေသခံလူဦးရေ ၁၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ- Kachin News Group

#ယနေ့ခေတ်

ဗန်းမော်မြို့မှဒေသခံ သိန်းနှင့်ချီကာ စစ်ဘေးရှောင်နေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.