ရန်ကုန်၊ ဇူလိုင် ၃
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ကျေးရွာအချို့တွင် ဧရာဝတီမြစ်ရေများ ဝင်ရောက်မှုကြောင်း လူနေအိမ် ၁၀၀ ကျော်ခန့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။
ယနေ့နံနက် ၆ နာရီကျော်က၊ ဗန်းမော်မြို့ရှိ ခွန်းသာ၊ ရွှေကူ၊ တပ်ကလေး စသည့်မြေနိမ့်ပိုင်းများတွင် ဧရာဝတီမြစ်ရေများ ဝင်ရောက်မှုကြောင့် အိမ်ခြေ ၁၀၀ ကျော်နှင့်၊ လူဦးရေ ၃၀၀ ကျော် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။
“ရေကတော့ တစ်ဖြေးဖြေးနဲ့တော့ ကျနေပြီပြောတယ်။ ရွှေ့ပြောင်းနေရတုန်းဆိုတော့ သေချာမသိရသေးဘူး။ ဒီနေ့ဆိုရင် ခွန်သာ၊ ရွှေကူ၊ တပ်ကလေး အဲ့ဘက်တွေကိုဝင်တာ။ အိမ် ၁၀၀ ကျော်လောက်ရှိမယ်။ လူဦးရေက ၃၀၀ ကျော်မယ်။ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေကို ရွှေ့ပြောင်နေပါတယ်။ တစ်ခြားအဖွဲ့တွေနဲ့လည်း ရွှေ့ပြောင်းပေးနေပါတယ်။” ဟု ဒေသ ခံမီးသတ်တပ်ဖွဲ့က ယနေ့ခေတ်သို့ ပြောသည်။
ယမန့်နေ့ နံနက် ၈ နာရီကျော်ခန့်ကလည်း ဗန်းမော်မြို့၊ ပေါင်းကုန်းရပ်ကွက်တွင် နေအိမ် ၄၀ ကျော်နှင့် လူဦးရေ ၂၀၀ ကျော် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
ဇူလိုင် ၁ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် လေးပေခန့်အထိ ကျော်လွန်ရောက်ရှိခဲ့ပြီး၊ ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ဒေသ ခံများ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ပြီး နေအိမ်အချို့တွင် ပိတ်မိနေသူများလည်းရှိခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန့်ကြားမှုဦးစီးဌာနက ယနေ့ ညနေ ၄ နာရီကထုတ်ပြန်ထားကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်
ဗန်းမော်မြို့တွင် အိမ်ခြေ ၁၀၀ ကျော် ထပ်မံပြောင်းရွှေ့နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်