ဗန်းမော်မြို့တွင် လက်နက်ကြီးကျည်များကျရောက်မှုကြောင့် ခြောက်ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မေ ၃၀

ကချင်ပြည်နယ်၊ ဝိုင်းမော်တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် ဗန်းမော်မြို့အတွင်းရှိ စစ်ဘေးရှောင် Camp နေရာများနှင့်၊ နေအိမ်အချို့ပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပြီး ဒေသခံခြောက်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညက ဝိုင်းမော်တွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ဗန်းမော်မြို့အတွင်းရှိ ကုန်းမဟက်ရွာ၊ ဖိုးဒေဝရွာနှင့် ဖန်ခါးကုန်းကျေးများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်ဘက်မှာတော့ စစ်ပွဲကမဖြစ်ဘူး။ ဝိုင်းမော်ဘက်ကနေကျတဲ့ လက်နက်ကြီးကျည်တွေ။ ဘယ်နှစ်ကြိမ်ကျလည်းတော့ မသိဘူးဗျ။ ကျနေတာဆက်တိုက်ဆိုတော့။ မနေ့ညကတော့ သုံးဦးထိတယ်ဗျ။ တစ်ဦးကတော့ သူ့ဟာသူသွားတာ ဆေးခန်းကို။ ဒီနေ့ကတော့ နှစ်ဦးထိတယ်။ ဒဏ်တွေကတော့ မစိုးရိမ်ရဘူးလို့ပြောတယ်။ ကျွန်တော်တို့ကတော့ လာခေါ်ပါလိုပြောရင် သွားခေါ်လိုက်တယ်။ ပြီးရင် ဆေးခန်းလိုက်ပို့တယ်ပေါ့နော်။” ဟု ဒေခံလူမှုကူညီရေးအသင်းမှ ယနေ့ခေတ်သို့ ပြောသည်။

ဗန်းမော်မြို့ရှိ စစ်ဘေးရှောင်များထားသည့် Camp နေရာများသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် နေရာများရွှေ့ပြောင်းရကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေနေတဲ့ Camp နေရာတွေလည်း ကျတယ်။ Camp ကိုတော့မထိဘူး။ ဘေးကိုပဲကျတာ။ စိုးရိန်ရတာပေါ့ဗျ။ ကျွန်တော်တို့လုပ်ထားတော့ အောက်ဆီဂျင်စက်ရုံမှာပဲ အဆောင်လေးဆောင်နဲ့၊ Camp တစ်ခုတော့ထားထားတယ်။ ဆေးရုံဆေးခန်းတွေကိုလည်း သွားလိုလာလို့ မရတဲ့အချိန်တွေလည်းရှိတာပေါ့နော်။ သွားလာလို့ရတဲ့အခါလည်း သွားရတာပေါ့။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ ယနေ့ခေတ်သို့ ပြောသည်။

လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများကို သုညသုခ ပရဟိတအသင်းမှ ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မေလ ၂၆ ရက်၊ ည ၁၁ နာရီခွဲခန့်ကလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ယမန်နေ့ ညပိုင်းက စစ်ဘေးတိမ်းရှောင်ရန် ထွက်ခွာလာသည့် ဒေသခံတစ်စုမှာ မြို့အနီးအရောက် တွင် တိုက်ပွဲကြားပိတ်မိရာမှ ၂၆ ဦးခန့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-သုညသုခပရဟိတ လူငယ်အသင်း(ဗန်းမော်)

ယနေ့ခေတ်

ဗန်းမော်မြို့တွင် လက်နက်ကြီးကျည်များကျရောက်မှုကြောင့် ခြောက်ဦးထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.