ဗန်းမော်တွင် တိုက်ပွဲများပြင်းထန်နေသဖြင့် ဗန်းမော်လေကြောင်းလိုင်း အကန့်သတ်မရှိရပ်နားထား

ဗန်းမော်၊ ဒီဇင်ဘာ ၇

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း တပ်နှင့် KIA, PDF ပူးပေါင်းအဖွဲ့ကြား ဒီဇင်ဘာ ၄ ရက်မှစတင်၍ တိုက်ပွဲများပြင်းထန်လျက်ရှိသဖြင့် ဗန်းမော်လေကြောင်းလိုင်းကို ရက်အကန့်သတ်မရှိ ပိတ်ထားကြောင်း နီးစပ်သူများထံမှ သိရသည်။

ဗန်းမော်လေဆိပ်အတွင်းကို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုရှိခဲ့သဖြင့် ဗန်းမော်လေကြောင်းလိုင်းကို အရေးပေါ်အခြေအနေအရ ခရီးစဉ်ယာယီဖြတ်သိမ်းခဲ့ကာ လေဆိပ်ကို မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်မည်ကို မသိရသေးကြောင်း လေဆိပ်တာဝန်ရှိသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“လေဆိပ်ကို ရက်အကန့်အသတ်မရှိပိတ်တယ်လို့ သိရတယ်။ တိုက်ပွဲက တော်တော်ပြင်းထန်နေတာ။ ကားလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတွေ ဘယ်မှပေးမသွားသေးဘူး။ ဘယ်အချိန်ထွက်ခွင့်ရမလဲမသိဘူး။” ဟု ၎င်းကဆက်ပြောသည်။

ဗန်းမော်လေဆိပ်တွင် ပေါက်ကွဲမှုဖြစ်ပွားသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး၊ ပြီးခဲ့သည့်မတ်လ ၈ ရက်က လေယာဉ်ပြေးလမ်းပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လေဆိပ်ကို ၈ ရက်ကြာ ပိတ်ထားခဲ့ရသေးကြောင်း သိရသည်။

ဗန်းမော်လေဆိပ်မှ လေကြောင်းခရီးစဉ်များအနေဖြင့် တစ်ပတ်လျှင် မန္တလေး-ဗန်းမော်လေကြောင်းခရီးစဉ်နှစ်ကြိမ်နှင့် မြစ်ကြီးနား-ဗန်းမော်ခရီးစဉ်တစ်ကြိမ် ပြေးဆွဲပေးကြောင်း သိရသည်။

KIA, PDF ပူးပေါင်းအဖွဲ့က ဗန်းမော်မြို့အနီးက နစကတပ်စခန်းများကို ဒီဇင်ဘာ ၄ ရက်၊ နံနက်အစောပိုင်းမှစတင်ပြီး လူအင်အား၊ လက်နက်အင်အားအများအပြားဖြင့်ကုန်းလမ်း၊ ရေလမ်းစသည့်နေရာစုံမှ တိုက်ခိုက်နေသည့်အတွက် လက်ရှိအချိန်အထိ ဗန်းမော်မြို့အနီးတွင် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

#ခန့်ခန့်

Photo – Bhamo Sky Blue

#ယနေ့ခေတ်

ဗန်းမော်တွင် တိုက်ပွဲများပြင်းထန်နေသဖြင့် ဗန်းမော်လေကြောင်းလိုင်း အကန့်သတ်မရှိရပ်နားထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.