ရန်ကုန်၊ ဇန်နဝါရီ ၂၉
ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ဗန္ဓုလသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းမှ ယာဉ်စီးခနှုန်ထားကို ၃၀၀ ကျပ်ကောက်ခံနေရာမှ ၄၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံနေပြီဖြစ်ကြောင်း အဆို ပါယာဉ်လိုင်းမှ အသိပေးကြေညာထားသည်။
ဇန်နဝါရီ ၂၈ ရက်မှစတင်ပြီး YBS 12, 13, 14, 25, 30, 38, 55, 117, 128 စီးနင်းသူများအနေဖြင့် YPS Card / QR Code ၃၀၀ ကျပ်၊ ငွေသား ၄၀၀ ကျပ်ဖြင့်ပြောင်းလဲကောက်ခံသွား မည်ဖြစ်ပြီး YPS Card / QR Code အသုံးပြုသူများအနေဖြင့် အတက်တစ်ကြိမ်သာ ပေးချေရမည်ဖြစ်ကြောင်း အသိပေးထားသည်။
“ ယာဉ်စီးခ ၄၀၀ ကောက်မယ်လို့ အခုမှသာပြောတာ။ ကောက်တာဖြင့် ကြာနေပြီ။ ယာဉ်လိုင်းတိုင်းပဲ။ အတတ်အဆင်း ၄၀၀ ဆိုပြီး ပြောကောက်တာ။ ယာဉ်စီးခတိုးတောင်းလို့ တိုင်လည်းအလကားပဲ။” ဟု YBS စီးခရီးသည်တစ်ဦးက ပြောသည်။
YRTC မှ တရားဝင်သတ်မှတ်ထားသည့် ယာဉ်စီးခနှုန်းထားမှာ ၃၀၀ ကျပ်ဖြစ်သော်လည်း YBS ယာဉ်လိုင်းအားလုံးသည် ၄၀၀ ကျပ်ကောက်ခံနေခြင်းဖြစ်သည်။
လက်ရှိတွင် YBS ယာဉ်စီးသူများအနေဖြင့် ယာဉ်စီးခနှင့်ပတ်သက်၍ အခက်အခဲမဖြစ်စေရန် YPS Card ကိုအသုံးပြုနိုင်သကဲ့သို့ မိုဘိုင်းဖုန်းဖြင့် Scan ဖတ်ကာ ငွေပေးချေနိုင်မည့် YPS QR Code ကို ယာဉ်လိုင်းအချို့တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် YBS ယာဉ်စီးခပြောင်းလဲကောက်ခံခြင်းနှင့်ပတ်သက်၍ YRTC သို့ ဖုန်းဆက်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
ဓာတ်ပုံ – စီဂျေ
ဗန္ဓုလသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းမှ ယာဉ်စီးခ တိုးမြှင့်ကောက်ခံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်