ဖွဲ့စည်းပုံအခြေခံဥပဒေရှိပြီး၊ ကိုယ်စားပြုမှုရှိသည့်အဖွဲ့ကိုသာ ငြိမ်းချမ်းရေးဆွေးနွေးမည် ဟုဆို

ရန်ကုန်၊ ဧပြီ ၂၂

ပြည်သူကိုကိုယ်စားပြုပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေရှိသည့် အဖွဲ့အစည်းမျိုးကိုသာ ငြိမ်းချမ်းရေးဆွေးနွေးလို့ရမည်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC)မှ သိရသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် အဖွဲ့တိုင်းနှင့်ဆွေးနွေးမည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကပြောသည်ဟု နယ်စပ်အခြေစိုက်မီဒီယာတစ်ခုက ပြီးခဲ့သည့်ရက်ပိုင်းက ရေးသားဖော်ပြထားသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူတစ်ဦးက “ ၂၀၂၅ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မပြောခဲ့ပါဘူး။ အဖွဲ့လိုက်ဆွေးနွေးတဲ့အခါမှာ အဖွဲ့တစ်ဖွဲ့က ဒီဟာနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာ။ မဖြစ်နိုင်ပါဘူး။ ဘာလို့ဆိုတော့ ခေါင်းဆောင်ကဘယ်သူမှန်းမသိ၊ ဘယ်သူ့ကိုကိုယ်စားပြုမှန်းမသိ၊ ဒါတွေကဆွေးနွေးလို့မရဘူးလေ။ တိုင်းရင်းသားလက်နက်ကိုင်တွေဆိုရတယ်။ သူတို့က ဘယ်သူ့ကိုယ်စားပြုတယ်ဆိုတာ ရှိပြီးသား။ ဒီသတင်းကမဟုတ်ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ၂၀၂၅ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နေပြည်တော်တွင်ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအဖွဲ့အစည်းများ တတ်ရောက်ဆွေးနွေးခဲ့သည်။ အဆိုပါအ စည်းအဝေးတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “ ဘာသတ်မှတ်ချက်မှမရှိဘူး။ ကျန်တဲ့အဖွဲ့အစည်းတွေက သတ်မှတ်ချက်ရှိတယ်။ တပ်မတော်က နိုင်ငံရေးကထွက်မှတို့၊ တပ်မတော်ကိုဖျက်မှတို့၊ ယာယီအစိုးရဖွဲ့မှတို့စသဖြင့် ဒီလိုမျိုးကန့်သတ်ချက်တွေ၊ အဲ့ဒါတွေရှိမှ လာဆွေးနွေးမယ်ဆိုတဲ့ မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေရှိတယ်။ အဲဒီတောင်းဆိုမှုတွေကိုညှိဖို့အတွက် လာဆွေးနွေးပါ။ ခုနပြောတဲ့ Preparation တွေကိုလည်း ဆွေးနွေးလို့ရတယ်။ အဲဒီလောက်ထိ လမ်းဖွင့်ပေးထားတယ်” ဟု ဆွေးနွေးပွဲနောက်ဆုံးနေ့တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံ၊ ကိုးကန့်တပ်(MNDAA)နှင့် နစကတပ်တို့ဆွေးနွေးညှိနှိုင်းခဲ့ရာ နားလည်သဘောတူညီမှုရ ခဲ့ပြီး လားရှိုးမြို့တွင် နစကတပ်ပြန်လည်ရုံးထိုင်နေပြီဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – NSPNC

#ယနေ့ခေတ်

ဖွဲ့စည်းပုံအခြေခံဥပဒေရှိပြီး၊ ကိုယ်စားပြုမှုရှိသည့်အဖွဲ့ကိုသာ ငြိမ်းချမ်းရေးဆွေးနွေးမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.