ရန်ကုန်၊ စက်တင်ဘာ ၁၀
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာတွင် ယမန်နေ့က နေအိမ်ရှေ့ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲ၍ ကလေးငယ်တစ်ဦးနှင့် ၎င်း၏ဖခင်တို့ နေရာတွင်ပင် သေ ဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာရှိ နေအိမ်တစ်လုံးရှေ့တွင် အသက် ၆ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦးနှင့် ၎င်း၏ဖခင်တို့ အတူရှိနေ စဉ် ဒရုန်းတွင်ချိတ်ဆွဲထားသည့် ဗုံး(Drop Bomb)တစ်လုံး ဝေဟင်မှကျရောက်၍ ပေါက်ကွဲမှုဖြစ်ပွါးခဲ့ရာ သားအဖနှစ်ဦးစလုံး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
“ ကလေးလေးက နဖူးတည့်တည့်ကို ဗုံးစထိမှန်သွားတာ။ အဖေကတော့ ခါးနဲ့ရင်ဘတ်အနှံ့ကို ဗုံးစထိတာ။ နှစ်ဦးစလုံး သေဆုံးပါတယ်။ သူတို့က တောင်ယာလုပ်ငန်း လုပ်ကိုင်ကြ သူတွေလို့ သိရတယ်” ဟု ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသည့် ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။
သေဆုံးသူ သားအဖနှစ်ဦးအား ဖြူးမြို့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပြီး၊ မည်သည့်လက်နက်ကိုင်အဖွဲ့က Drop Bomb ဖြင့် တိုက်ခိုက်ခဲ့သည်ကို မသိရသေးပေ။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့၊ မြင်းခြံ- မြို့သာ-တံတားဦးသွား ကားလမ်းပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အသက် ၄ နှစ်အရွယ်ကလေးတစ် ဦးနှင့် ၎င်း၏ဖခင်တို့ စားသောက်နေကြစဉ် ဝေဟင်မှ Drop Bomb ကျရောက်ပေါက်ကွဲခဲ့ရာ သားအဖနှစ်ဦးစလုံး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
ယခုလပိုင်းအတွင်း မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ ကျေးရွာအချို့သို့ ဝေဟင်မှ Drop Bomb ဖြင့်ပစ်ချ တိုက်ခိုက်ခံရ၍ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အ ပါအဝင် ဒေသခံ ၃ ဦးထက်မနည်း သေဆုံးခဲ့ကာ ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများရရှိခဲ့၍ ဆေးရုံအသီးသီးတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသတွင်းအခြေစိုက် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
မောင်ဇော်
ဓာတ်ပုံ – စီဂျေ
ဖြူးမြို့၌ နေအိမ်ရှေ့ Drop Bomb ကျရောက်ပေါက်ကွဲ၍ သားအဖနှစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်