ရန်ကုန်၊ စက်တင်ဘာ ၁၅
မကွေးတိုင်း၊ သရက်မြို့နယ်၌ ဖော့ပုံးတစ်ခုအတွင်းထည့်ကာ ဧရာဝတီမြစ်ထဲမျှော၍ စွန့်ပစ်လိုက်သည့် မွေးကင်းစ ကလေးငယ်တစ်ဦးအား အသက်ရှင်လျက် အနေအထားဖြင့် ဒေသခံများက ကယ်ဆယ်နိုင်ခဲ့ကြောင်း ကူညီပေးခဲ့သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
စက်တင်ဘာ ၁၃ရက်၊ နံနက် ၂နာရီဝန်းကျင်က သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်ရှိ ဧရာဝတီမြစ်ထဲ၌ ရေစီးနှင့်အတူ မျှောပါလာသော ဖော့ပုံးတစ်ခုအတွင်းမှ ကလေးငိုသံကြား ၍ ဒေသခံများက သွားရောက်ဆယ်ယူရာမှ ကလေးငယ်အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ခြင်းဟု သိရသည်။
“ ရေတက်နေတဲ့အချိန် မြစ်ကမ်းနံဘေးမှာ နေတဲ့သူတွေက ရေစီးနဲ့မျှောနေတဲ့ ဖော့ပုံထဲ ကလေးငိုသံကြားတော့ အစကတော့ သရဲခြောက်တယ်ဆိုပြီး ဘယ်သူမှ သွားမဆယ်ရဲ ကြဘူး။ နောက်မှ ရွာသားတွေစုပေါင်းပြီး သွားဆယ်ရာကနေ တွေ့တာပါ။ မီးဖွားပြီးခါစ တစ်နာရီ၊ နှစ်နာရီအတွင်းမှာပဲ စွန့်ပစ်လိုက်တယ်လို့ ယူဆရပါတယ်။ ” ဟု ကူညီပေးခဲ့သော ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ စွန့်ပစ်ခံရသည့် မွေးကင်းစ ကလေးငယ်မှာ မိန်းကလေးဖြစ်ကာ လက်ရှိ၌ မွေးစားမိဘများ ရှာတွေ့ သွားပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြသည်။
“ မွေးစားမယ့်သူမှာ ကလေးနှစ်ယောက်ရှိတယ်။ တစ်ယောက်တုန်းကလည်း စွန့်ပစ်ထားတာကို မွေးစားထားတာ။ အခုလဲ မိန်းကလေးလိုချင်လို့ မွေးစားလိုက်တဲ့သဘော။ သူတို့က ကွမ်းယာရောင်းပြီး ချို့တဲ့,တဲ့သူတွေပါ။ ” ဟု ၎င်းကပြောသည်။
ကလေးငယ်အား ဧရာဝတီမြစ်ထဲမှ ဆယ်ယူပြီးနောက် လိုအပ်သော ဆေးဝါးနှင့် အဟာရများအတွက် သရက်ခရိုင်ဆေးရုံအုပ်ကြီးနှင့် ကလေးအထူးကု ဆရာဝန်ကြီးတို့က ကြပ် မတ်ကာ ဆေးကုသပေးခဲ့ပြီးနောက် ကလေးငယ်မှာ ယနေ့တွင် ဆေးရုံမှပြန်ဆင်းသွားပြီဖြစ်ကာ မွေးစားမိဘများထံ သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့်အပ်နှံလိုက်ကြောင်း သိရသည်။
မောင်ဇော်
ဓာတ်ပုံ – စီဂျေ
ဖော့ပုံးထဲထည့်၍ ဧရာဝတီမြစ်အတွင်း စွန့်ပစ်လိုက်သည့် ကလေးငယ်အား အသက်ရှင် လျက် ကယ်ဆယ်နိုင်ခဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်