ဖေဖော်ဝါရီလအတွင်း ပြည်ပဆန်တင်ပို့မှု လျော့ကျခဲ့

ရန်ကုန်၊ မတ် ၇

ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ပြည်ပသို့ဆန်တင်ပို့မှုမှာ စံချိန်တင်လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

ပြည်ပသို့တင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှတဆင့် နိုင်ငံပေါင်း ၈ နိုင်ငံသို့ ဆန်၊ ဆန်ကွဲတန်ချိန် ၁၂၉,၄၅၂ တန်သာတင်ပို့နိုင်ခဲ့ပြီး၊ ယင်းမှ ကန်ဒေါ်လာ ၅၂ သန်းသာရရှိခဲ့ခြင်းဖြစ်သည်။

“ ပင်လယ်ရေကြောင်းတစ်ခုတည်းကနေသွားတော့ တင်ပို့မှုလျော့ကျသွားတာပေါ့။ နယ်စပ်ဆန်တင်ပို့မှုက မရှိတော့ဘူး။ ဒါပေမယ့် ဒီဘဏ္ဍာနှစ်မှာ အရင်ဘဏ္ဍာနှစ်ထက် ဆန်တန်ချိန်မပြည့်မီ‌နိုင်ပေမယ့် ဝင်ငွေအားဖြင့်တော့ ကျော်လွန်နိုင်ပါတယ်။” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ယခုဘဏ္ဍာနှစ်၏ ဆယ့်တစ်လတာကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂,၃၇၃,၇၀၇ တန်တင်ပို့ထားပြီး ယင်းမှအမေရိကန်ဒေါ်လာ ၁၀၈၇ သန်းရရှိထားကြောင်း သိရ သည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် ဧပြီလတွင် ၁၁၁,၈၆၂ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၅ သန်း၊ မေလတွင် ၇၁,၂၇၉ ဒသမ ၅ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆ သန်း၊ ဇွန်လတွင် ၁၆,၂၃၂,၅၇၅ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၄ သန်း၊ ဇူလိုင်လတွင် ၁၆၅,၄၄၄ ဒသမ ၃ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၁ သန်း၊ ဩဂုတ်လတွင် ၂၀၇,၃၆၉ ဒသမ ၉ မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ ၉၇ သန်း၊ စက်တင်ဘာလတွင် ၂၁၉,၅၆၅ ဒသမ ၁၃ မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁၀၄ သန်း၊ အောက်တိုဘာလတွင် ၄၂၄,၇၈၄ မက်ထရစ်တန်တင်ပို့မှုမှ ၁၈၉ သန်း၊ နိုဝင်ဘာလတွင် ၃၃၄,၅၃၅ မက်ထရစ်တန်တင်ပို့မှုမှ ၁၅၆ သန်း၊ ဒီဇင်ဘာလတွင် မက်ထရစ်တန် ၃၃၇,၄၉၀ တန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁၄၅ သန်း၊ ဇန်နဝါရီလတွင် ၂၀၉,၅၉၉ တန်တင်ပို့မှုမှ ၈၇ သန်း၊ ဖေဖော်ဝါရီလတွင် ၁၂၉,၄၅၂ တန်တင်ပို့မှုမှ ၅၂ သန်းရရှိထားပြီး လအလိုက်နှိုင်းယှဉ်ကြည့်ပါက ဖေဖော်ဝါရီလတွင် အနည်းဆုံးဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – MRF

#ယနေ့ခေတ်

ဖေဖော်ဝါရီလအတွင်း ပြည်ပဆန်တင်ပို့မှု လျော့ကျခဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.