ရန်ကုန်၊ ဖေဖော်ဝါရီ ၃
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းအကျုံးဝင်သည့် အမျိုးသားများကို ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ထားကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ ကန့်သတ်လိုက်ခြင်းကြောင့် လိုင်စင်ရအေဂျင်စီများအနေဖြင့် အခက်အခဲများစွာရှိနေကြောင်း၊ ထို့ကြောင့် အေဂျင်စီများစုပေါင်း၍ အလုပ်သမားဝန်ကြီးဌာနထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
“ ပြီးခဲ့တဲ့လက ရုတ်တရက်ကြီး OWIC ကတ်တွေမလုပ်ပေးဘဲ ရပ်လိုက်တယ်။ စာချုပ်ချုပ်ထားတဲ့အလုပ်သမားတွေက အကုန်တိုင်ပတ်ကုန်ရော။ အဲဒါနဲ့ ပြန်တင်ပြတော့ ဇန်နဝါရီ ၃၀ အထိ စာချုပ်ချုပ်ထားတဲ့သူတွေကိုပဲ ခွင့်ပြုတယ်။ နောက်ပိုင်းတွေက မရတော့ဘူးပေါ့။ MoU စနစ်နဲ့တောင် သွားဖို့အဆင်မပြေတော့ဘူး။ အဲဒီအခက်အခဲတွေကို စုပြီးတင်ပြသွားဖို့ရှိတယ်။ ဘယ်လိုဖြေလျှော့ပေးနိုင်လဲပေါ့။” ဟု ထိုင်းသို့အလုပ်သမားစေလွှတ်သည့် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လက်ရှိအနေအထားအရ အမျိုးသားများကိုသာ ကန့်သတ်ထားပြီး အမျိုးသမီးလုပ်သားများကို အသက်ကန့်သက်ချက်မရှိသေးပဲ ပြည်ပသို့သွားရောက်အလုပ်လုပ်ခွင့် ပုံမှန်အတိုင်းခွင့်ပြုထားကြောင်း သိရသည်။
ထိုကဲ့သို့ကန့်သတ်လိုက်ခြင်းကြောင့် လူငယ်အများစုသည် တရားမဝင်နည်းလမ်းဖြင့် ထိုင်း၊ မလေးရှား၊ လာအိုနိုင်ငံတို့သို့ ယခင်ကထက် ပိုမိုသွားရောက်နေကြကြောင်း အေဂျင်စီများက ဆိုသည်။
#စုစု
ဓာတ်ပုံ – Embassy of Soul
#ယနေ့ခေတ်
ဖေဖော်ဝါရီလမှစတင်ပြီး အသက် ၁၈ နှစ်မှ ၃၅နှစ်အတွင်းရှိ အမျိုးသားများကို ပြည်ပထွက်ခွင့်ပိတ် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်