ရန်ကုန်၊ ဇန်နဝါရီ ၃
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း KBZ Pay အကောင့်ထဲမှ ငွေသားများထုတ်ယူခံရခြင်းသည် သုံးစွဲသူဘက်မှ ဖုန်းဟန်းဆက်ပြောင်းလဲမှုကြောင့်သာဖြစ်ကြောင်း KBZ Pay မှ ယနေ့ထုတ်ပြန်သည်။
ငွေသားများထုတ်ယူခံရခြင်းနှင့်ပတ်သက်ပြီး KBZPay မှ စုံစမ်းစစ်ဆေးရာတွင် ဖုန်းဟန်းဆက်ပြောင်းလဲသည့် (Device Change) လုပ်ငန်းစဉ်ကိုသာ သက်ရောက်မှုရှိပြီး အဆိုပါဖြစ်စဉ် ၃၁ ခုကိုတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ အချို့ Operator များ၏ ဖုန်းဟန်းဆက်ပြောင်းလဲမှုများ (Device Change) ကို ခေတ္တရပ်တန့်၍ system maintenance ပြုလုပ်နေပြီး ၂၀၂၅၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ဖုန်းဟန်းဆက်ပြောင်းလဲမှုလုပ်ငန်းစဉ် (Device Change) ကို ပြန်လည်စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ ဒီထုတ်ပြန်ချက်ကို ပြန်ပြောရမယ်ဆိုရင် ဘဏ်ကတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့သဘော။ သုံးစွဲသူဘက်က အပြစ်လိုဖြစ်နေတာ။ OTP ကုတ်တောင်မကျပဲ ပိုက်ဆံကို အကောင့်ထဲက ထုတ်နိုင်တယ်ဆိုတာ ဘဏ်ဘက်ကပဲ လုပ်လို့ရမှာလေ။ ဆုံးရှုံးတော့ကိုယ်တွေပဲ။” ဟု KBZ Pay အသုံးပြုသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့ပြင် “ဘဏ်နှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရသည့် မိုဘိုင်းကွန်ရက် ဝန်ဆောင်မှုပေးသူများ (Mobile Network Operator) မှတစ်ဆင့် ၎င်းတို့၏ တစ်ဆင့်ခံဝန်ဆောင်မှုပေးသူ (Third Party Service Provider) များ၏စနစ်အား နည်းပညာဖြင့် ဖောက်ထွင်းယူခြင်းများဆောင်ရွက်ပြီး သုံးစွဲသူများ၏ မိုဘိုင်းငွေကြေးများအား ဖောက်ထွင်းရယူ၍ လိမ်လည်ခြင်းများဆောင်ရွက်လာကြကြောင်းတွေ့ရှိရပါသည်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
KBZPay အနေဖြင့် မိုဘိုင်းငွေကြေးလုံခြုံရေးဆိုင်ရာလုပ်ငန်းများကို အစဉ်တစိုက်လုပ်ဆောင်နေပြီး Mobile Network Operator များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း အသုံးပြုသူ ၃၁ ဦး၏ ငွေကြေးဆုံးရှုံးမှုမရှိစေရန် KBZPay မှ ကြိုတင်အစားထိုး စိုက်ထုတ်ပေးမှုများကို ၂၀၂၄ ခုနှစ်၊ ဒီ ဇင်ဘာလ ၃၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။
#စုစု
ဓာတ်ပုံ – KBZ Pay
ဖုန်းဟန်းဆက်ပြောင်းလဲမှုကြောင့် ငွေများထုတ်ယူခံရခြင်းဖြစ်သည်ဟု KBZ Pay ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်