ဖိအားပေးခံနေရသော်လည်း TikTok ကို ရောင်းချမည်မဟုတ် ဟုဆို

ဘေဂျင်’၊ ဧပြီ ၂၈

ကမ္ဘာကျော်လူမူကွန်ရက်တစ်ခုဖြစ်သော TikTok ကို ရောင်းချသွားမည့်အစီအစဉ်မရှိကြောင်း TikTok ကို ပိုင်ဆိုင်ထားသည် ByteDance ကုမ္မဏီက သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်လွှတ်တော်သည် TikTok ကိုရောင်းချရန် သို့မဟုတ် မရောင်းချလျှင် အမေရိကန်နိုင်ငံအတွင်း အသုံးပြုခွင့်ပိတ်ပင်မည်ဆိုသောအချက်ကို ခွင့်ပြုခဲ့ပြီးနောက် တရုတ်ကုမ္မဏီဘက်က တုံ့ပြန်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံအခြေစိုက် ByteDance ကုမ္မဏီက “ ကျွန်တော်တို့ဟာ TikTok လူမူကွန်ရက်ကို ပြန်လည်ရောင်းချဖို့ အစီစဉ်မရှိသေးပါဘူး။” ဟု ပြောသည်။

ထိုအပြင် တရုတ်ကုမ္မဏီက TikTok လူမူကွန်ရက်ကို ပြန်လည်ရောင်းချဖွယ်ရှိနေသည်ဟု ပြီးခဲ့သောရက်ပိုင်းအတွင်း နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြခဲ့မှုများကလည်း မှန်ကန်မှုမရှိကြောင်း ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် TikTok လူမူကွန်ရက်ကို ရောင်းချမလား သို့မဟုတ် အသုံးပြုခွင့်ပိတ်ပင်ခံမလားဆိုသော ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ်အတည်ပြုခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရက TikTok လူမူကွန်ရက်သည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟုဆိုကာ နိုင်ငံအတွင်းအသုံးပြုခြင်းကို ပိတ်ပင်ရန်ကြိုးပမ်းလာ ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် TikTok အသုံးပြုနေသည့်လူပေါင်း သန်း ၁၃၀ အထက်ရှိနေပြီး၊ ပိတ်ပင်လိုက်မည်ဆိုလျှင် TikTok ကိုအသုံးပြုကာ အလုပ်လုပ်နေသည့် အမေရိကန် အသေး စားစီးပွားရေးလုပ်ငန်းများ ထိခိုက်ဖွယ်ရှိနေကြောင်း တရုတ်ကုမ္မဏီက သတိပေးထားသည်။

အမေရိကန်နိုင်ငံအတွင်း TikTok အသုံးပြုမှု ပိတ်ပင်ခြင်းကို အတင်းကြပ်လုပ်ဆောင်မည်ဆိုလျှင် တရားဥပဒေအရ ရင်ဆိုင်မည်ဖြစ်ကြောင်း တရုတ်ကုမ္မဏီက ဝေဖန်ထားသည်။ထိုအပြင် TikTok အသုံးပြုမှုပိတ်ပင်ခြင်းက အမေရိကန်နိုင်ငံသားများ၏ လွတ်လပ်မှုများကို ချိုးဖောက်ခံရခြင်းဖြစ်သည်ဟု ပြစ်တင်ပြောဆိုမှုများရှိနေသည်။

ကောင်းထက်ငွေ

bbc.com/news

ဖိအားပေးခံနေရသော်လည်း TikTok ကို ရောင်းချမည်မဟုတ် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.