မနီလာ၊ ဇူလိုင် ၆
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က တရုတ်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သုံး ကြီးမားသောစစ်ရေယာဉ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်အထူးစီးပွားရေးဇုန်နားတွင်ကျောက်ချရပ်နားနေပြီး ဖိလစ်ပိုင်နိုင်ငံအပေါ် အင်အားပြခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သုံး အရှည် ၁၆၅ မီတာရှိ စစ်သင်္ဘောသည် တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်အထူးစီးပွားရေးဇုန်နားကို ဇူလိုင် ၂ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ကျောက်ချရပ်နားခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ပြောသည်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က တရုတ်စစ်သင်္ဘောကို သတိပေးပြောဆိုခဲ့သလို အဆိုပါစစ်သင်္ဘော၏ ရည်ရွယ်ချက်ကိုလည်း မေးမြန်းခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ပိုင်သင်္ဘောရဲ့လုပ်ရပ်က ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ကို ဖိလစ်ပိုင်အထူးစီးပွားရေးဇုန်ထဲက ဆွဲထုတ်လို့ရမှာမဟုတ်သလို ခြိမ်းခြောက်ခံမှာလည်းမဟုတ်ဘူး။” ဟု ပြောသည်။
တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နှင့်တရုတ်နိုင်ငံကြား ပိုင်နက်နယ်မြေအငြင်းပွားနေခဲ့ပြီး စစ်သင်္ဘောများ မကြာခဏထိပ်တိုက်တွေ့ဆုံမှုများ၊ တားဆီးနှောက်ယှက်မှုများဖြစ်ပွားနေကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိလစ်ပိုင်အထူးစီးပွားရေးဇုန်နားတွင် တရုတ်စစ်သင်္ဘောကြီး ကျောက်ချရပ်နားနေခြင်းနှင့်ပတ်သက်ပြီး တစ်စုံတရာတုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
ဖိလစ်ပိုင်နှင့်တရုတ်တို့သည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ဆွေးနွေးနေပြီး အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရန် ကြိုးပမ်းနေချိန်တွင် တရုတ်စစ်သင်္ဘောကြီး ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ကောင်းထက်ငွေ
reuters.com
ဖိလစ်ပိုင်အထူးစီးပွားရေးဇုန်နားကို တရုတ်စစ်သင်္ဘောရောက်ရှိလာခြင်းသည် ခြိမ်းခြောက်မှု ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်