ဖိလစ်ပိုင်သမ္မတကို လုပ်ကြံလိုကြောင်း ဒုတိယသမ္မတ ဆို

မနီလာ၊ နိုဝင်ဘာ ၂၄

ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးက ၎င်းသာလုပ်ကြံရမည်ဆိုလျှင် လက်ရှိဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်နှင့် ဇနီးတို့အပြင် လွှတ်တော်ဥက္ကဌကိုပါလုပ်ကြံရန် လူငှားထားပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ဆာရာဒူတာတေးနှင့် သမ္မတဖာဒီနန်မာကိုစ့်တို့သည် ယခင်ကရင်းနှီးခင်မင်ခဲ့သော်လည်း တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်၏ ချဉ်းကပ်လုပ်ဆောင်မှုများအပေါ် အငြင်းပွားခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးက သမ္မတကိုလုပ်ကြံရန်စီစဉ်ထားသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဖိလစ်ပိုင်လုံခြုံရေးအေဂျင်စီများသည် လက်ရှိသမ္မတ ဖာဒီနန် မာကိုစ့် ဘေးကင်းလုံခြုံရေးအတွက် အစီအမံများကို ယခင်ထက်ပိုမိုလုပ်ဆောင်လာရကြောင်း သိရသည်။

ဆာရာဒူတာတေးက “ သာမန်လူပုဂ္ဂိုလ်တစ်ဦးပုံစံမျိုးနဲ့ လွတ်လပ်စွာပြောဆိုရမယ်ဆိုရင် ကျွန်မဟာ လက်ရှိဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာ၊ သူရဲ့ဇနီးအပြင် လွှတ်တော်ဥက္ကဌ လီဇာ အာရာနီတာတို့ကို လုပ်ကြံသွားမယ်။ ဒါဟာ နောက်ပြောင်ပြောဆိုနေတာမဟုတ်ဘူး။ ကျွန်မက သူတို့သေဆုံးချိန်အထိ လုပ်ကြံလိုနေတာကို ရပ်တန့်မှာမဟုတ်ဘူး။” ဟု ပြောသည်။

ဆာရာဒူတာတေးသည် ဖာဒီနန်မာကိုစ့်ဦးဆောင်သော ဖိလစ်ပိုင်အစိုးရအဖွဲ့တွင် ဒုတိယသမ္မတအပြင် ပညာရေးဝန်ကြီးတာဝန်များကို ပူးတွဲရယူခဲ့ပြီး ပြီးခဲ့သောဇွန်လတွင် ပညာရေးဝန်ကြီးရာထူးမှနုတ်ထွက်ခဲ့ပြီး ဒုတိယသမ္မတအဖြစ်သာ ဆက်လက်တာဝန်ယူနေခဲ့ကြောင်း သိရသည်။

ဆာရာဒူတာတေး၏ဖခင်ဖြစ်သူ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကလည်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်၊ ဇနီးဖြစ်သူ လီဇာမာကိုစ့်၊ သမ္မတဖာဒီနန်မာကိုစ့်၏ မဟာ မိတ်ဖြစ်သလို ညီအကိုဝမ်းကွဲဖြစ်သော လွှတ်တော်ဥက္ကဌတို့သည် အကျင့်ပျက်လာဘ်စားမှုများရှိနေသည့်အပြင် ဒူတာတေးမိသားစုနှင့် ဒူတာတေးမိသားစုကို အားပေးထောက်ခံသူများကို နိုင်ငံရေးအရဖိနှိပ်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲဝေဖန်ခဲ့ဖူးသည်။

#ကောင်းထက်ငွေ
cbsnews.com
#ယနေ့ခေတ်

ဖိလစ်ပိုင်သမ္မတကို လုပ်ကြံလိုကြောင်း ဒုတိယသမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.