ဖားကန့် ၌ ၉၂ ဆီပြတ်နေ၍ ဆီဆိုင်များပိတ်ထားရ

ရန်ကုန်၊ အောက်တိုဘာ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း အောက်တိန်း ၉၂ စက်သုံးဆီ ပြတ်နေသဖြင့် စက်သုံးဆီဆိုင်များ ပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် လပိုင်းမှစတင်ကာ ဖားကန့်မြို့အဝင်ဂိတ်များမှ ခရီးသည်တင်ယာဥ်များမှလွဲ၍ အခြားသော ကုန်တင်ယာဥ်နှင့် ဆီကားများကို ဖြတ်သန်းသွားလာ ခွင့်မပြုထားကြောင်း သိရသည်။

“ နန့်ယားဂိတ်ကနေကို ဖြတ်သန်းခွင့်မပေးတော့တာလေ။ ဆီကားရော၊ ကုန်တင်ကားတွေရော မပေးတော့တာ။ ဆီဆို တော်တော်ကြာပြီ ပြတ်နေတာ။ ၂ ဆိုင်လောက်ပဲဖွင့်တယ်။ ဒါ​တောင် လိုသလောက်မရဘူး။ ဈေးကလည်း တက်နေတယ်။ ဈေးတက်ပြီး ဝယ်လို့မရတာ။” ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ၌ အောက်တိန်း ၉၂ စက်သုံးဆီအမျိုးအစားမှာ တစ်ဂါလံလျှင် ၂၁,၀၀၀ ကျပ်ဈေးရှိပြီး ဝယ်ယူနိုင်ရန်ပင် ခက်ခဲနေကြောင်း သိရသည်။

ထို့အပြင် ကုန်တင်ယာဥ်များ ဝင်ခွင့်မရ၍ ဆန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်လာခဲ့ကာ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် နှစ်သိန်းကျပ်ဝန်းကျင်နှင့် ဆန်ကြမ်းတစ်အိတ် လျှင် တစ်သိန်းခြောက်သောင်းကျပ်ဝန်းကျင် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ်၌ ပြီးခဲ့သည့်အောက်တိုဘာလဆန်းပိုင်းက နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်ခန့်က ဆိုင်းတောင်ရွာ၏ စာသင် ကျောင်းတစ်ခုအနီး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ဖားကန့်မြို့ အဝင်အထွက် ဂိတ်၌ ကန့်သတ်ချက်များ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ဖားကန့် ၌ ၉၂ ဆီပြတ်နေ၍ ဆီဆိုင်များပိတ်ထားရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.