ဖားကန့် မြို့တွင် ကျောက်စိမ်းလုပ်ကွက် နွံကန်ပေါက်မှုကြောင့် သေဆုံးသူ ၃၀ နှင့်အထက်ရှိနိုင်

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မြန်မာနိုင်ငံအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယမန်နေ့က ကျောက်စိမ်းလုပ်ကွက် နွံကန်ပေါက်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၀ နှင့်အထက်ရှိနိုင်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

ဆိပ်မူကျေးရွာအုပ်စု၊ စပိုက်ကျေးရွာတွင် ယမန်နေ့(ဇန်နဝါရီ ၁၃ ရက်) နံနက် ၁ နာရီခွဲခန့်က အဆိုပါ နွံကန်ပေါက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ နွံကန်ပေါက်မှုကြောင့် နေအိမ် ၅၀ ကျော်နစ်မြုပ်ခဲ့ရပြီး ကလေးငယ်များအပါအဝင် သေဆုံးသူ ၃၀ နှင့် အထက်ရှိနိုင်ကာ ရုပ်အလောင်း ၁၂ လောင်းသာရရှိထားသေးကြောင်း သိရသည်။

“ နွံကန်ပေါက်သွားတာ။ ဖြစ်တာကလည်း ညအချိန်မတော်ကြီးဆိုတော့ ရှောင်ချိန်မရကြဘူး။ တချို့ဆို မိသားစုလိုက်ပါသွားတာတွေရှိတယ်။ စာရင်းအတိအကျတော့ ကောက်လို့မရသေးဘူး။ ရှာဖွေမှုကတော့ ဆက်လုပ်နေတယ်။ KIA ကလူကြီးပိုင်းတွေနဲ့ သူဌေးအကြီးစားတွေပိုင်တဲ့ ကျောက်ကွက်။ အခုထိတော့ တာဝန်ယူမှုမရှိသေးဘူး။” ဟု ကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ဖားကန့်တွင် ကျောက်တူးခြင်းကို ပိတ်ထားခဲ့ရာမှ ယခုနောက်ပိုင်းတွင် ပြန်လည်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ဖားကန့်တွင် မကြာခဏမြေပြိုမှုဖြစ်ပွားလေ့ရှိပြီး ရေမဆေးကျောက်ရှာသူ ၁၀ ဦးထက်မနည်း သေဆုံးလျက်ရှိကြောင်း၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သည့် ဝှေခါကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှ ရေမဆေးကျောက်ရှာဖွေသူ ၁၉၀ ကျော်သေဆုံးခဲ့ပြီး၊ အဆိုပါအဖြစ်အပျက်သည် ဖားကန့်ဒေသ၌ အသေအပျောက်အများဆုံးဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

ဖားကန့် မြို့တွင် ကျောက်စိမ်းလုပ်ကွက် နွံကန်ပေါက်မှုကြောင့် သေဆုံးသူ ၃၀ နှင့်အထက်ရှိနိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.