ဖားကန့်-မြစ်ကြီးနားလမ်းပိုင်းအား တိုက်ပွဲကြောင့် ယာယီပိတ်ထား

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ယနေ့ နံနက် တိုက်ပွဲကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် မြစ်ကြီးနားမြို့ နယ်ကို ဆက်သွယ်ထားသည့်လမ်းပိုင်းအား ယာယီပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ ဝှေခါနှင့် နမ့်တိန်ကျေးရွာတို့အနီး၌ ပစ်ခတ်မှုများဖြစ်နေ၍ လုံခြုံရေးအရ ဖားကန့်-မြစ်ကြီးနားလမ်းပိုင်းအား ယာယီပိတ်ထားခြင်းဖြစ်ကာ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ လမ်းတွင်ပိတ်မိနေကြောင်း သိရသည်။

“ ဖားကန့်က ဝှေခါနဲ့ နမ့်တိန်ရွာဘက်ကို ဒီမနက် လက်နက်ကြီးနဲ့ ပစ်တာရော၊ လေကြောင်းတိုက်တဲ့ အသံတွေရော ကြားတာကြောင့် မြစ်ကြီးနားအတက်-အဆင်းလမ်းကို ယာယီ ပိတ်ထားရတာ။ တခြားလမ်းတွေဘက်ကနေသွားရင်တော့ရတယ်။ အန္တရာယ်တော့များတာပေါ့။ လမ်းမှာတော့ ကုန်ကားနဲ့ ခရီးသည်တင်ကား အစီးနှစ်ဆယ်၊ သုံးဆယ်လောက် ပိတ်မိနေတယ်လို့ ကြားတယ်။ ဆက်သွားလို့မရတော့ ရောက်တဲ့နေရာမှာပဲ ရပ်ထားရတယ်တဲ့။ တိုက်ပွဲပြန်ငြိမ်သွားရင်တော့ လမ်းပြန်ပွင့်လာမှာပါ။” ဟု ဖားကန့်မြို့၌ နေထိုင်သူ တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဖားကန့်မြို့နယ်၌ ဇန်နဝါရီ ၆ ရက်မှစ၍ KIA , PDF ပူးပေါင်းအဖွဲ့များနှင့် နစကတပ်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါရွာရှိ ရဲကင်းစခန်းတစ်ခုအား ဇန်နဝါရီ ၆ ရက်နေ့က KIA နှင့် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ရာမှ ယနေ့အထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခြင်းဟု ဒေသတွင်းသတင်းများအရ သိရသည်။

တိုက်ပွဲကြောင့် ဝှေခါကျေးရွာတွင်နေထိုင်သူ ဒေသခံထောင်ချီမှာ နီးစပ်ရာကျေးရွာများနှင့် ဖားကန့်မြို့ပေါ်တို့တွင် ယနေ့အထိ စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၉ ရက်၊ နံနက်ပိုင်းတွင် ဖားကန့်-မြစ်ကြီးနားသွား ကားလမ်းပေါ်ရှိ နန့်တိန်ကျေးရွာ၌ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွား၍ ဖားကန့်-မြစ်ကြီးနားကားလမ်းကို ခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။

ဖားကန့်မြို့နယ်၌ နှစ်ဖက်လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလေ့ရှိကာ တိုက်ပွဲများကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသည့် ဖား ကန့်-မြစ်ကြီးနားကားလမ်းကို မကြာခဏပိတ်ထားရ၍ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်းများ ကြုံတွေ့ရသည်ဟု ဒေသခံများက ဆို သည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ဖားကန့်-မြစ်ကြီးနားလမ်းပိုင်းအား တိုက်ပွဲကြောင့် ယာယီပိတ်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.