ဖားကန့်၌ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အသက် ၁၂ အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရှိ

ဖားကန့်၊ အောက်တိုဘာ ၁၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာတွင် အောက်တိုဘာ ၁၈ ရက်က လက်နက်ကြီးကျည်ထိမှန်ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး၊ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

” လက်နက်ကြီးကျည်က တာမခန်ကျေးရွာအမှတ် (၃)၊ နတ်ရေတောင်ရပ်ကွက်ထဲကို ကျတာ။ ရေချိုးနေတဲ့ကောင်မလေး အသက်က ၁၂ နှစ်အရွယ်လောက်ရှိမယ်။ သူ့ကို ကျည်စ ထိမှန်တာ။ ဦးခေါင်းနဲ့ ဝမ်းဗိုက်တွေမှာ ဒဏ်ရာရရှိသွားလို့ ဆေးရုံပို့ဆောင်တယ်။ ဒါပေမယ့် လမ်းမှာပဲသေဆုံးသွားတာ။ နောက်ထပ် အမျိုးသမီးကြီးကလည်း အိမ်မှာနေရင်း ထိခိုက်ဒဏ်ရာရသွားတယ်။” ဟု ဒေသခံ ကူညီပေးသူတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့ရသည့်အသက် ၁၂ နှစ်အရွယ် မိန်းကလေးသည် မသက်စုမွန်ဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရခဲ့သည့် အမျိုးသမီးသည် ဆေးရုံ၌ဆက်လက်ကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ အောက်တိုဘာ ၁၉ ရက်၊ တာမခန်ကျေးရွာအနီး၌ နစကတပ်နှင့် KIA တို့ လက်နက်ကြီးနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ရေရှင်ကျေးရွာမှကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်က အုပ်ချုပ်ရေးမှူး အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

ဖားကန့်၌ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အသက် ၁၂ အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.