ရန်ကုန်၊ ဇန်နဝါရီ ၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေကာ ဒေသခံထောင်ချီ၍ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း စစ် ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါရွာရှိ ရဲကင်းစခန်းတစ်ခုအား ဇန်နဝါရီ ၆ ရက်က KIA နှင့် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ရာမှ ယနေ့အထိ နှစ် ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
တိုက်ပွဲကြောင့် ဝှေခါကျေးရွာတွင်နေထိုင်သူ ဒေသခံထောင်ချီမှာ နီးစပ်ရာကျေးရွာများနှင့် ဖားကန့်မြို့ပေါ်တို့တွင် စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
“ ဆိပ်မူကျေးရွာ စိမ်းမြသုခကျောင်းတိုက်မှာ ဝှေခါကလာတဲ့ စစ်ဘေးရှောင်ခုနစ်ကျော်ရောက်ရှိနေပါတယ်။ ဆိုင်းတောင် နှစ်ခြင်းဘုရားကျောင်းနဲ့ လုံးခင်းရွာကိုလည်း စစ်ရှောင် သုံးရာလောက် ရောက်လာတယ်။ တချို့လည်း ဖားကန့်မြို့ပေါ်တက်ပြီး စစ်ရှောင်ရတယ်။ တိုက်ပွဲက ဒီနေ့နဲ့ဆို လေးရက်ရှိပြီ။ လေးရက်လုံး လေကြောင်းတိုက်တာရော၊ လက်နက် ကြီးမနားတမ်းပစ်တာတွေရောကြောင့် ရွာနဲ့လည်းနီးတော့ စစ်ရှောင်ရတာပါ။” ဟု ဒေသတွင်း လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ အနွေးထည်နှင့် စောင်များ လိုအပ်လျက်ရှိပြီး၊ ဝိုင်းဝန်းကူညီပေးပါရန် ဒေသခံတစ်ဦးက ဆက်လက်ပြောသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းက ဖားကန့်- မြစ်ကြီးနားသွား ကားလမ်းပေါ်ရှိ နန့်တိန်ကျေးရွာ၌ နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိနေကာ ဒေသခံများထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ဖား ကန့်- မြစ်ကြီးနားကားလမ်းကိုလည်း ခေတ္တပိတ်ထားကြောင်း သိရသည်။
ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သတ်၍ လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောကြားရာတွင် ဇန်နဝါရီလ ၆ ရက်၊ နံနက် ၅ နာရီက ဝှေခါကျေးရွာရှိ ရဲကင်းစခန်းသို့ လက်နက်ကိုင်ပူးပေါင်းအဖွဲ့က အင်အား ၂၅၀ ခန့်ဖြင့် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားသည်။ ထိုဖြစ်စဉ်တွင် ရဲတပ် သားနှစ်ဦး ဒဏ်ရာရရှိကာ၊ ယနေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
ဖားကန့်မြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့မျိုးစုံ လှုပ်ရှားသွားလာလေ့ရှိကာ ယမန်နှစ်အတွင်းက နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ်နှစ်ဆယ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ဒေသခံဆယ်ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – အောင်ဇော်မိုး(ဖားကန့်)
ဖားကန့်၌ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံထောင်ချီ၍ စစ်ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်