ဖားကန့်၌ စားသောက်ဆိုင်ပိုင်ရှင် ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၌ ယမန်နေ့က စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးအား အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ နေရာတွင် ပင် သေဆုံးခဲ့ကြောင်း ဒေသတွင်းပရဟိတအသင်းတစ်သင်းထံမှ သိရသည်။

ယမန်နေ့ညနေ ၄ နာရီခွဲက လုံးခင်းကျေးရွာ၊ အောင်သာယာရပ်ကွက် (၂)၊ မြေ စာပုံအနီးတွင် ဖွင့်လှစ်ထားသည့် ကိုဖက်တီးစားသောက်ဆိုင်သို့ အမည်မသိအမျိုးသားနှစ်ဦး ရောက် ရှိလာပြီး ဆိုင်ရှင်ဖြစ်သူ ကိုအောင်မြင့်သိန်း(ခ) ကိုဖက်တီးကို သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားကြောင်း သိရသည်။

“ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်ရောက်လာပြီး ဆိုင်ထဲက လူအများရှေ့မှာပဲ ကိုဖက်တီးရဲ့ခေါင်းကို သေနတ်နဲ့နှစ်ချက်ပစ်ပြီး ထွက်ပြေးသွားတာ။ ကိုဖက်တီးက နေရာမှာပဲ သေ ဆုံးသွားပါတယ်။” ဟု ဒေသတွင်းပရဟိတအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူမှာ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးသွားကာ ဖားကန့်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စားသောက်ဆိုင်ပိုင်ရှင်အား မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့သည်ကို မသိရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖားကန့်မြို့နယ်ရှိ ကုဋေမော်ရွာ၊ မမုံရွာနှင့် ဖားပြင်ရွာတို့၌ အချဉ်ပေါင်းရောင်းသူ၊ ဆိုင်ကယ်ဆီဖြည့်နေသူနှင့် မုန့်ပို့ဆောင်သူ စသည့်အမျိုးသားသုံးဦး တို့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ဖားကန့်၌ ယခုလအတွင်း နှစ်ဖက်တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွာနေပြီး အရပ်သားများ ပစ်ခတ်ခံရမှုများလည်း မကြာခဏဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။

မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ဖားကန့်၌ စားသောက်ဆိုင်ပိုင်ရှင် ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.