ဖားကန့်၊ စက်တင်ဘာ ၁၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်၌ မြေစာကျင်းထဲ လူငယ်အမျိုးသားတစ်ဦး ပြုတ်ကျပျောက် ဆုံးခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၂ ရက်တွင် တောက်ပကြယ်ကုမ္ပဏီ ကျောက်စိမ်းတူး ဖော်ရေးလုပ်ကွက်၌ ကျောက်စိမ်းတူးဖော်နေစဉ် မြေစာကျင်းဟောင်းအတွင်း အမျိုးသားတစ်ဦး ပြုတ်ကျပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ထိုမြေစာကျင်းထဲ ပြုတ်ကျပျောက်ဆုံးနေသူသည် စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူး မြို့နယ်မှ အသက် ၂၄ နှစ်အရွယ် ကိုစန်းထူးဆိုသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ မနေ့ကတည်းက ပြုတ်ကျပျောက်ဆုံးနေတာ ဒီနေ့အထိ ရှာမတွေ့သေးဘူး၊ မိုးတွေက အရမ်းရွာနေတော့ ရှာဖွေရတာ အတော်ခက်ခဲနေတယ်။ ရှာဖွေသူတွေအတွက်လည်း အန္တရာယ်ရှိတဲ့အခြေအနေရှိတယ်။” ဟု လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ မြေစာကျင်းအတွင်း ပြုတ်ကျပျောက်ဆုံးနေသူအား လူမှုကူညီရေးအဖွဲ့များ၊ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်များ၊ လုပ်သားများမှ ပူးပေါင်းရှာဖွေလျက်ရှိပြီး စက်တင် ဘာ ၁၃ ရက်၊ ညနေပိုင်းအထိ ရှာဖွေနေဆဲဖြစ်ပြီး မတွေ့ရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၃ ရက်က အေးမြသာယာအုပ်စု၊ မနမှော် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ဟောင်း မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၃၆ ဦး မြေစာပိ ပျောက် ဆုံးခဲ့ကာ ၃၃ ဦး၏အလောင်းများသာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ဝဏ္ဏ
ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့
ဖားကန့်မြို့၌ အမျိုးသားတစ်ဦး မြေစာကျင်းအတွင်း ပြုတ်ကျပျောက်ဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်