ရန်ကုန်၊ အောက်တိုဘာ ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၌ ယမန်နေ့ နေ့လည်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အချဥ်ပေါင်းရောင်းချနေသူတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရကြောင်း ဒေသ ခံများထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ ၃ ရက်၊ နံနက် ၁၀ နာရီခန့်မှစတင်ကာ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာ၏ စာသင်ကျောင်းတစ်ခုအနီး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့၍ ကျောင်းသားများ အပြေး အလွှား ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
“ နှစ်ဖက်ပစ်ခတ်ပြီး၊ ကျောင်းသားတွေ ပြေးကြရတယ်။ လမ်းသွားလမ်းလာ လူတွေရောပေါ့။ ပစ်ခတ်မှုဖြစ်တာလဲ ဟုတ်တယ်။ ပြည်သူတွေ ပြေးလွှားခဲ့ကြရတာလဲ ဟုတ်တယ်။ ဘယ်အဖွဲ့အစည်းတွေက ဘယ်လိုကြောင့် ဖြစ်ကြတယ်ဆိုတဲ့ အကြောင်းအရာကတော့ မသိရသေးဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့နောက် ဆိုင်းတောင်ဘက်မှ မှော်ရှန်ဘက်သွားသည့် မှော်ရှန်မှကြိုဆိုပါ၏ဆိုသည့် ဆိုင်းဘုတ်အနီးမှ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ က ပြောသည်။
“ အဲ့အချိန်က တိုက်ပွဲအပြင်းအထန်ဖြစ်နေချိန်လေ။ မီးခိုးတွေထွက်နေတာ မီးလောင်တာတော့ သိတယ်။ အားလုံးက အိမ်ထဲပုန်းနေကြရတာလေ။ လက်နက်ကြီးကျလို့ လောင်တယ် လို့ ပြောကြသလို၊ ပစ်ခတ်ပြီး ထွက်သွားချိန် မီးရှို့သွားတာလို့လလည်း ပြောကြတယ်။ အတိအကျမသိရသေးဘူး။” ဟု ဖားကန့်မှ ဒေသခံတစ်ဦးက ပြောသည်။
ထို့နောက် ပစ်ခတ်မှုဖြစ်ပွားသည့် ဆိုင်းတောင်ရွာနှင့် အနည်းငယ်ဝေးကွာသည့် လုံးခင်းကျေးရွာအပိုင် ကုဋေမှော်ရွာအဝင်လမ်း၌ နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်တွင် အချဉ်ပေါင်း ရောင်းချနေသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ အချဥ်ပေါင်းသည်က ဘာလို့အပစ်ခံရမှန်းမသိပါဘူး။ သူလဲ ပြေးလာပုံပါပဲ။ လုံးခင်းဘက်မှာ ဘာမှ,မှ မဖြစ်တာလေ။ အဲ့အချဥ်ပေါင်းသည် အပစ်ခံရတာပဲရှိတယ်။” ဟု လုံးခင်းမှ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ဖားကန့်မြို့ ဆိုင်တောင်ရွာ၌ ဖြစ်ပွားခဲ့သည့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများမှာ နံနက် ၁၀ နာရီခန့်မှ နေလည် ၂ နာရီကျော်အထိ ဖြစ်ပွားခဲ့ကြပြီး ညနေပိုင်းတွင် ငြိမ်သက် သွားခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲမှာ နစကနှင့် KIA၊ K-PDF တို့ ထိပ်တိုက်တွေ့ဆုံဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်ကာ ယင်းမတိုင်ခင် အောက်တိုဘာ ၁ ရက်၊ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်က ဖားကန့်မြို့၊ ဆိုင်း တောင်ရပ်ကွက် (၁) ရှိ ရဲစခန်းအား Drone ဖြင့်ဗုံးကြဲခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – ဒေသခံ
ဖားကန့်မြို့၌ နှစ်ဖက်တိုက်ပွဲဖြစ်၍ တစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်