ရန်ကုန်၊ ဇန်နဝါရီ ၂၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအနီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားကာ ဒေသခံလေးဦး ကျည်ထိမှန်သေဆုံးပြီး ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့ နံနက်အစောပိုင်းက ဆိုင်းတောင်ကျေးရွာလမ်းပေါ်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုး သားလေးဦးကိုတွေ့ရကြောင်း ဖားကန့်မြို့၌နေထိုင်သူတစ်ဦးက ပြောကြားသည်။
“ သူတို့လေးဦးက ဇန်နဝါရီ ၂၀ ရက်၊ ညပိုင်းက ပစ်ခတ်မှုဖြစ်ချိန် လမ်းပေါ်မှာတင်ကျည်ထိမှန်ပြီး သေဆုံးကြတာ။ သေဆုံးသူလေးဦးက ကိုခင်မောင်ဇော်၊ ကိုကောင်းစက်၊ အိမ်ခြေမဲ့ တစ်ဦးနဲ့ အခြားအမျိုးသားတစ်ဦးတို့ပါ။” ဟု ၎င်းကပြောသည်။
သေဆုံးသူလေးဦးအနက် သုံးဦးမှာ သေနတ်ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ တစ်ဦးမှာ လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးခဲ့ခြင်းဟု သိရသည်။
ထို့ပြင် ဆိုင်းတောင်ကျေးရွာရှိ နေအိမ်အချို့အား လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်၌ ဇန်နဝါရီ ၆ ရက်မှစ၍ KIA , PDF ပူးပေါင်းအဖွဲ့များနှင့် နစကတပ်များအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါရွာရှိ ရဲကင်းစခန်းတစ်ခုအား ဇန်နဝါရီ ၆ ရက်က KIA နှင့် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခြင်းဟု ဒေသတွင်းသတင်းများအရ သိရသည်။
ထို့နောက် ဇန်နဝါရီလ ၂၀ ရက်တွင် ဆိုင်းတောင်ကျေးရွာ၌ပါ တိုက်ပွဲများဖြစ်ပွားခဲ့ကာ ဒေသခံများအချို့ ထိခိုက်သေဆုံးခဲ့ခြင်းဟု သိရသည်။
အဆိုပါတိုက်ပွဲများကြောင့် ဝှေခါကျေးရွာနှင့် ဆိုင်းတောင်ကျေးရွာတွင်နေထိုင်သူ ဒေသခံထောင်ချီမှာ နီးစပ်ရာကျေးရွာများနှင့် ဖားကန့်မြို့ပေါ်တို့တွင် ယနေ့အထိ စစ်ဘေးတိမ်း ရှောင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
ဖားကန့်တိုက်ပွဲအတွင်း ဒေသခံအချို့ ထိခိုက်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်