ဖားကန့်တိုက်ပွဲကြောင့် ဓာတ်တိုင်များပျက်စီးပြီး လျှပ်စစ်မီးပြတ်တောက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ တိုက်ပွဲများကြောင့် ဓာတ်တိုင်များပျက်စီးပြီး လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်တွင်ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ဖားကန့်မြို့နယ်၊ နန့်တိန်းကျေးရွာနှင့် ၇ မိုင်ကျေးရွာအနီးတို့သို့ လက်နက်ကြီးကျည်များကျရောက်ခဲ့၍ 66 KV မိုးကောင်း-ဖားကန့်ဓာတ်အားလိုင်းမှ ဓာတ်တိုင်များပျက်စီးခြင်း၊ ကြိုးပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ မနေ့က EPC ကလိုက်စစ်တော့ မိုးကောင်း-ဖားကန့်ဓာတ်အားလိုင်းက ဓာတ်တိုင်တွေ နေရာသုံးခုလောက်မှာ ပျက်စီးသွားတာ တွေ့ရတယ်။ တိုက်ပွဲတွေလည်းဖြစ်နေတော့ အပျက်အစီးတွေပြင်ဖို့ နှစ်ပတ်၊ သုံးပတ်လောက်တော့ကြာမယ်လို့ သိရတယ်။” ဟု ဖားကန့်မြို့၌ နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ထို့ကြောင့် ဖားကန့်မြို့ပေါ် အပါအဝင် အနီးအနားကျေးရွာများတွင် ဖေဖော်ဝါရီ ၄ ရက်၊ နံနက်ပိုင်းမှ ယနေ့အထိ လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ ၄ ရက်နေ့ မနက်ထဲက မီးပြတ်သွားတာ။ အခုထိကို မလာသေးတာ။ တိုက်ပွဲဖြစ်နေတဲ့အထဲ မီးတွေပါပြတ်နေတော့ တော်တော်အဆင်မပြေကြဘူး။ ဖုန်းအားသွင်းဖို့တောင်အားမရှိလို့ အခမဲ့သွင်းပေးတဲ့နေရာတွေမှာ လိုက်သွင်းနေရတယ်။” ဟု ပြောကြားသည်။

ထိုသို့ လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်မည်ဖြစ်၍ ဖားကန့်မြို့ရှိ မြို့ နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများက ရုံးရှေ့တွင် မီးစက်နိုး၍ ဖုန်းများအားသွင်းနိုင်ရန် လုပ်ဆောင်ပေးထားကြောင်း ဒေသခံများက ပြောကြားသည်။

ထို့ပြင် ဖားကန့်မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းအချို့မှလည်း ရေတင်နိုင်ရန်နှင့် ဖုန်းအားသွင်းနိုင်ရန် မီးစက်များ ကူညီ၍ငှါးရမ်းပေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါရွာရှိ ရဲကင်းစခန်းတစ်ခုအား KIA နှင့် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ရာမှ ယခုရက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား‌နေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

တိုက်ပွဲများကြောင့် ဖားကန့်ဒေသခံ တစ်သောင်းကျော်မှာ စစ်ရှောင်နေရပြီး နေအိမ်အဆောက်အဦများ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးတာဝါတိုင်များလည်းပျက်စီးခဲ့ကြောင်း သိရ သည်။ အဆိုပါတိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဖားကန့်- မြစ်ကြီးနားကားလမ်းကိုလည်း တစ်လအတွင်း သုံးကြိမ်ထက်မနည်း ယာယီပိတ်ခဲ့ရကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၁ ရက်၊ ညပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်ဘက်ခြမ်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ လျှပ်စစ်တာဝါတိုင်တစ်ခု မိုင်းဖောက်ခွဲခံရ၍ မုံရွာမြို့နယ်အပါအဝင် အနီးဝန်းကျင်မြို့နယ်အချို့တွင် လျှပ်စစ်မီး ၆ ရက်ခန့် ပြတ်တောက်ခဲ့ပြီး ဒေသခံများ အခက်အခဲကြုံတွေ့ခဲ့ရသည်။

#မောင်ဇော်

ဓာတ်ပုံ – အောင်ဇော်မိုး

#ယနေ့ခေတ်

ဖားကန့်တိုက်ပွဲကြောင့် ဓာတ်တိုင်များပျက်စီးပြီး လျှပ်စစ်မီးပြတ်တောက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.