ရန်ကုန်၊ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုရှိ ကျေးရွာအချို့တွင် လူကြီးများသာမက လသားအရွယ်ကလေးငယ်များပါ အရေပြားကူးစက်ရောဂါအား ဆိုးရွားစွာခံစားနေရပြီး အကူအညီများလိုအပ်နေကြောင်း Kayan Women’s Organization အဖွဲ့ထံမှ သိရသည်။
သိကျိတ်ကျေးရွာအုပ်စုရှိ ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံတစ်ရာကျော်မှာ လက်၊ ခြေထောက်များအပါအဝင် ခန္ဓာကိုယ်အနှံ့အပြားတွင် ယားယံ၍ အရည်ကြည်အဖုများကဲ့သို့ ထွက်ပေါ်ကာ အရေပြားရောဂါကို ခံစားနေရကြောင်း သိရသည်။
“ လွန်ခဲ့တဲ့ လေး၊ ငါး၊ ခြောက်လလောက်ထဲက ဒေသခံတချို့က အရေပြားယားတာတွေ စဖြစ်လာတာ။ အစက သာမာန်လောက်လို့ပဲထင်ပေမဲ့ အခုလပိုင်းတွေမှာ ပိုဆိုလားတယ်။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်သလိုတွေပါဖြစ်တာ။ မိဘကနေ သားသမီးကိုကူးတာမျိုး။ လသားအရွယ် ကလေးတွေပါဖြစ်နေတာ။ ဆေးဝါးအကူအညီတွေလည်း လိုအပ်နေပါတယ်။” ဟု Kayan Women’s Organization အဖွဲ့မှအဖွဲ့ဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အရေပြားရောဂါ ဖြစ်ပွားသူများမှာ ထိုဒေသရှိ ကျေးလက်ဆေးပေးခန်းများတွင် ဆေးကုသလျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် နီးစပ်ရာမြို့ပေါ်တွင် ဆေးကုသ နိုင်ရန် အခက်အခဲကြုံတွေ့နေရကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ ဆေးကုဖို့ကလည်း အခက်အခဲရှိနေတယ်။ ကျေးလက်ဆေးခန်းတွေမှာရှိတဲ့ ဆေးလောက်နဲ့ကလည်း အဆင်မပြေဘူး။” ဟု ပြောကြားသည်။
ထိုဒေသတွင် ဒေသခံများအပြင် စစ်ရှောင်များလည်း နေထိုင်လျက်ရှိပြီး လက်ရှိ၌ ရောဂါဖြစ်ပွါးနေသူများထံမှ အခြားသူများကို ထပ်မံကူးစက်နိုင်ဖွယ်ရှိနေ၍ နီးစပ်ရာ ကျန်းမာရေး ဆိုင်ရာ အစုအဖွဲ့များမှ သွားရောက်ကူညီပေးနိုင်ပါရန်လည်း Kayan Women’s Organization အဖွဲ့မှ အကူအညီတောင်းခံထားသည်။
လတ်တလော၌ ရှမ်း-ကယားနယ်စပ်တွင်တည်ရှိသော ဖယ်ခုံမြို့နယ်၌ နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများဖြစ်ပွားနေ၍ စစ်ရှောင်များအား ကူညီပေးနေသူများပင် ထိုဒေသရှိ နေရာအများအပြားသို့ သွားလာရန် ခက်ခဲနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
မောင်ဇော်
Photo – Kayan Women’s Organization
ဖယ်ခုံရှိ ကျေးရွာအချို့၌ လူကြီးများသာမက လသားအရွယ်ကလေးများပါ အရေပြားကူးစက်ရောဂါ ဖြစ်ပွားနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်