ရန်ကုန်၊ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ်ရှိ ဖယ်ခုံမြို့နယ်နှင့် ဒီမော့ဆိုမြို့နယ်တို့ မှ ကလေးငယ်များအပါအဝင် စစ်ရှောင်ပြည်သူအချို့မှာ အရေပြားကူးစက်ရောဂါများ ဖြစ်ပွားနေ ကြောင်း ဒေသတွင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။
ဖယ်ခုံမြို့နယ်၊ အနောက်ပဒေါင် တောင်ပေါ်ဒေသရှိ စစ်ရှောင်စခန်းမှ ပြည်သူအချို့နှင့် ဒီမော့ဆိုအနောက်ခြမ်းကျေးရွာများရှိ စစ်ရှောင်စခန်းများမှ ပြည်သူအချို့မှာ မသန့်ရှင်းသော ရေများကြောင့် လတ်တလောတွင် အရေပြားကူးစက်ရောဂါ ခံစားနေရကြောင်း သိရသည်။
“ လွန်ခဲ့တဲ့ လေး၊ငါး၊ခြောက်လလောက်ထဲက ဒေသခံတချို့က အရေပြားယားတာတွေ စဖြစ်လာတာ။ အစက သာမာန်လောက်လို့ပဲထင်ပေမဲ့ အခုလပိုင်းတွေမှာ ပိုဆိုးလာတယ်။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ကူးစက်သလိုတွေပါဖြစ်တာ။ မိဘကနေ သားသမီးကိုကူးတာမျိုး။ လသားအရွယ် ကလေးတွေပါဖြစ်နေတာ။ ဆေးဝါးအကူအညီတွေလည်း လိုအပ်နေပါတယ်။” ဟု ဒေသတွင်းရှိ စစ်ရှောင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အရေပြားကူးစက်ရောဂါဖြစ်ပွားသူများတွင် ကလေးငယ်များလည်းပါဝင်ကာ ဒေသ၏လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း သိရသည်။
ထို့သို့ ဆေးဝါးလိုအပ်ချက်ကြောင့် လုံလောက်စွာ ဆေးကုသနိုင်မှုမရှိ၍ လက်ရှိတွင် ရောဂါဖြစ်ပွါးနေသူများထံမှ အခြားသူများကိုပါ ထပ်မံကူးစက်နိုင်ဖွယ်ရှိနေသဖြင့် နီးစပ်ရာ ကျန်းမာရေးဆိုင်ရာ အစုအဖွဲ့များမှ သွားရောက်ကူညီပေးနိုင်ပါရန်လည်း ဒေသတွင်းစစ်ရှောင်ကူညီသူများက အကူအညီတောင်းခံထားသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာမှ စစ်ရှောင်ပြည်သူအချို့မှာ အရေပြားကူးစက်ရောဂါ ဖြစ်ပွားခဲ့ပြီး ဆေးဝါးလိုအပ်ချက် ကြောင့် လသားအရွယ် ကလေးငယ်များအပါအဝင် ဒေသခံတစ်ရာကျော် အရေပြားရောဂါ ကူးစက်ခံခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ဖယ်ခုံမြို့နယ်နှင့် ဒီမော့ဆိုမြို့နယ်တို့၌ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ ဒေသခံငါးထောင်ထက်မနည်းမှာ စစ်ရှောင်စခန်းများတွင် နေထိုင်လျက်ရှိကြောင်း သိရ သည်။
တိုက်ပွဲများနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် စစ်ရှောင်များအား ကူညီပေးနေသူများပင် ထိုဒေသရှိ နေရာအများအပြားသို့ သွားလာရန် ခက်ခဲနေကြောင်း ဒေသ တွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – စီဂျေ
ဖယ်ခုံနှင့် ဒီမော့ဆိုရှိ စစ်ရှောင်ပြည်သူအချို့ အရေပြားကူးစက်ရောဂါ ဖြစ်ပွားနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်