ပွဲတော်များကြောင့် ပြင်ဦးလွင်တွင် ဟိုတယ်၊ တည်းခိုခန်းများပြည့်သည်အထိ ကြိုတင်မှာယူ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ကြိုတင်စာရင်းသွင်းထားသူ များပြားခြင်းကြောင့် ကြားရက်များမှအပ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ဟိုတယ်နှင့် တည်းခိုခန်းများ Booking မရှိတော့ကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာ ၂၀၂၅ ခုနှစ်၊ ဇန္နဝါရီ ၁၂ ရက်အထိ၊ မြို့၏ အထင်ကရအမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည်ပွဲတော်နှင့် (၁၇) ကြိမ်မြောက်ပန်းပွဲတော်ကို ဒေသထွက်ကုန်အရောင်းပြခန်းနှင့် ဆိုင်ခန်းများ၊ ဂီတဖျော်ဖြေပွဲများ၊ မျက်လှည့်ပွဲများဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။

“ဟုတ်တယ် Weekend ဆို မစဉ်းစားနဲ့တော့၊ ဟိုတယ်၊ တည်းခိုခန်းတိုင်း Booking (ကြိုတင်စာရင်းပေးသွင်းခြင်း) ပြည့်သွားပြီ။ နောက်ပြီးတော့ ခရစ်စမတ်နေ့နဲ့ နှစ်သစ်ကူးည၊ အဲဒီရက်တွေလည်း Booking မရေတာ့ဘူး။ ကြား ရက်တွေတော့ ရနိုင်ပါသေးတယ်။” ဟု ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်ရက်ခန့်မှစတင်ပြီး ဟိုတယ်၊ တည်းခိုခန်းများကို Booking လှမ်းလုပ်သူရှိလာပြီး၊ အများစုသည် စနေ၊ တနင်္ဂနွေအလုပ်ပိတ်ရက်နှင့် အစိုးရရုံးပိတ်ရက်များကို Booking လုပ်ကြကြောင်း သိရသည်။

“ပန်းပွဲတော်အစရက်တွေက ရုံးပိတ်ရက်နဲ့တိုးတော့ လာလည်ကြမှာမနည်းဘူးလို့ ခန့်မှန်းရပါတယ်။ ညအိပ်လာသူတွေအများစု Booking လုပ်ကြတာပါ။” ဟု ပြင်ဦးလွင်ဒေသခံ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ မတိုင်ခင်စာရင်းများအရ ပြင်ဦးလွင်မြို့တွင် ဟိုတယ်နှင့် တည်းခိုခန်းပေါင်း ၁၂၀ ကျော်အထိရှိပြီး၊ လက်ရှိဟိုတယ်နှင့် တည်ခိုခန်းအားလုံး၏ ၉၀ ရာခိုင်နှုန်းအထိ လက်ရှိလုပ်ငန်းလည်ပတ်လျက်ရှိကြောင်း သိရသည်။

#ခန့်ခန့်

Photo – CJ

#ယနေ့ခေတ်

ပွဲတော်များကြောင့် ပြင်ဦးလွင်တွင် ဟိုတယ်၊ တည်းခိုခန်းများပြည့်သည်အထိ ကြိုတင်မှာယူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.