ပွင့်ဖြူမြို့နယ် စာသင်ကျောင်းများအတွင်း ရေဝင်ရောက်လာမှုကြောင့် စာသင်ကျောင်း ၅ ကျောင်း ယာယီပိတ်လိုက်ရ

ပွင့်ဖြူ၊ စက်တင်ဘာ ၆

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြစ်ရေဝင်ရောက်မှုကြောင့် ကျောင်း ၅ ကျောင်းကို စက်တင်ဘာ ၅ ရက်မှစတင်ကာ ယာယီပိတ်လိုက်ရကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာ ၄ ရက် မနက်ပိုင်းမှစတင်ပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာကာ စာသင်ကျောင်းများအတွင်း ရေဝင်ရောက်လာသဖြင့် စာသင်ကြားရေးလုပ်ငန်း များ လုပ်ဆောင်ရန် အဆင်မပြေဖြစ်လာသည့်အတွက် ယခုကဲ့သို့ ယာယီပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

” ရေတွေမြင့်တက်လာလို့ ပိတ်တာပါ။ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ပိတ်တာ။ အခုလို ရုတ်တရက် ကျောင်းပိတ်ရက်ကို အစားထိုးပြန်လည် သင်ကြားပေးမှာတဲ့။” ဟု ပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာယီပိတ်လိုက်ရသည့် ကျောင်းများမှာ သိမ်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ဇီးကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ကံလှကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၊ ကျောင်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ရေချမ်းစင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့ဖြစ်ကြောင်း သိရသည်။

” သဘာဝဘေးကြောင့် ပိတ်လိုက်ရတာကို လက်ခံပါတယ်။ စာသင်ကြားရေးအပိုင်းမှာ နောက်နှေးတာတွေဖြစ်မှာ စိုးရိမ်တယ်။ ဒီခေတ် ကျောင်းပညာရေးနစ်က သင်ကြားရတဲ့ ကာလရှည်တာနဲ့ ကုန်ကျစရိတ်တွေက မနည်းဘူးလေ။ ဒါ့ကြောင့်ပါ၊ ဒီဘက်က ရေတက်လာပြီဆို မြွေပါလာတတ်လို့ စနစ်တကျ ပြင်ဆင်ပြီးမှ ပိတ်ထားတဲ့ကျောင်းကို ပြန်ဖွင့် စေချင်တယ်။” ဟု ပွင့်ဖြူမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

အဆိုပါ ပိတ်ထားရသည့် စာသင်ကျောင်းများကို မြစ်ရေပြန်လည်ကျဆင်းသွားလျှင် ပြန်ဖွင့်မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပိတ်ရက်များအတွက် သင်ခန်းစာများ နောက် ကျမှုမရှိစေရေး ကျောင်းပြန်ဖွင့်ချိန်၌ စာသင်ရက်များ အစားထိုးပြီး သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းအတွင်း ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်ကလည်း ဧရာဝတီမြစ်ရေ မြှင့်တက်ဝင်ရောက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်း ၃၀ ကျော်အထိ ယာယီပိတ်ခဲ့ရ သေးကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

Photo: CJ

ပွင့်ဖြူမြို့နယ် စာသင်ကျောင်းများအတွင်း ရေဝင်ရောက်လာမှုကြောင့် စာသင်ကျောင်း ၅ ကျောင်း ယာယီပိတ်လိုက်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.