ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၆ ကျောင်း ယာယီပိတ်ထားရ

ပွင့်ဖြူ၊ သြဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်လာမှုကြောင့် အခြေခံပညာကျောင်း ၆ ကျောင်းအား ယာယီပိတ်ထားရသည်ဟု ပညာရေးအသိုင်း အဝိုင်းမှ သိရသည်။

သြဂုတ် ၁၈ ရက်မှစတင်ပြီး အဆက်မပြတ်ရွာသွန်းနေသည့် မိုးဒဏ်ကြောင့် ဧရာဝတီမြစ်ရေ သိသိသာသာမြင့်တက်လာခြင်းကြောင့် အခြေခံပညာစာသင်ကျောင်း ၆ ကျောင်းကို ယာယီပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာယီပိတ်ထားရသည့် ကျောင်းများမှာ သံကိုင်းကျေးရွာမှ အခြေခံပညာမူလတန်းကျောင်း၊ သိမ်ကုန်းကျေးရွာမှ အခြေခံပညာမူလတန်းကျောင်း၊ ဇီးကျွန်းကျေးရွာမှ အ ခြေခံပညာအထက်တန်းကျောင်းခွဲ၊ ကံလှကျေးရွာမှ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းစုကျေးရွာမှ အခြေခံပညာမူလတန်းကျောင်းနှင့် ကူကြီးကျေးရွာ အခြေခံပညာမူလ တန်းကျောင်းတို့ဖြစ်ကြောင်း သိရသည်။

“ သက်ဆိုင်ရာဌာနအသီးသီးက ညွန်ကြားချက်နဲ့ပိတ်တာပါတဲ့ ။ ပထမတော့ စာသင်လို့ရနေသေးတော့ သင်နေတာပါ။ ရေက အဆမတန်ထိုးတက်လာလို့ အခုလိုပိတ်လိုက်တာပါ” ဟု ပညာရေးအသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများကို မြစ်ရေပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ပြီး မြစ်ရေကျဆင်းချိန်မှသာ ပြန်လည်ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များအစားထိုး၍ စနစ်တကျဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် အလားတူ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် လူနေအိမ်များလည်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်ကလည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့၌ မြစ်ရေမြင့်တက်မှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်ခြင်း၊ သီးနှံ စိုက်ခင်းများ ရေနစ်မြုပ်ခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရခြင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

ဓာတ်ပုံ – ဒေသခံတစ်ဦး

ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၆ ကျောင်း ယာယီပိတ်ထားရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.