ရန်ကုန်၊ ဇွန် ၂၀
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်လက ရက်ဆက်ရွာသွန်းသည့်မိုးကြောင့် ပဲတီစိမ်းနှင့် မတ်ပဲခင်းဧကထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတောင်သူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ သိရသည်။
ပြီးခဲ့သောမေလအတွင်း ရက်ဆက်ရွာသွန်းသည့်မိုးကြောင့် ဧရာဝတီတိုင်းအတွင်းက ပုသိမ်၊ သာပေါင်း၊ ရေကြည်၊ ဓနုဖြူ၊ ဝါးခယ်မ၊ ဘိုကလေး၊ ဇလွန်၊ ဟင်္သာတ၊ မြောင်းမြ၊ ကျိုက်လတ် စသည့်မြို့နယ်များမှ တောင်သူများစိုက်ပျိုးထားသော မတ်ပဲနှင့် ပဲတီစိမ်းစိုက်ခင်းများ ရေနစ်မြုပ်ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု တောင်သူများကို နည်ပညာပေးဆောင်ရွက်နေသောအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပဲခင်းတွေ နှစ်ပတ်ကျော်ကျော်လောက်အထိ ရေနစ်မြုပ်ခဲ့တာ။ အဲ့တော့ ပုပ်ပွပျက်စီးကုန်တာပေ့ါ။ ရိတ်သိမ်းဖို့ တော်နေတဲ့အချိန် မိုးမိတာ။ ဘာမှကိုပြန်မရခဲ့ဘူး။” ဟု ၎င်းကဆက်ပြောသည်။
ဧရာဝတီတိုင်းတွင် ရေနစ်မြုပ်မှုကြောင့် မတ်ပဲနှင့် ပဲတီစိမ်းစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် တောင်သူများ မိုးသီးနှံပြန်လည်စိုက်ပျိုးရန်ပင် အခက်အခဲဖြစ်ပေါ်နေကြောင်း ကျုံပျော်မြို့နယ်မှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
“နှစ်ဧကကျော်ကျော်လောက်ကို ပျက်စီးခဲ့တာ။ ရိတ်ဖို့ ရက်ပိုင်းပဲလိုတော့တဲ့အချိန်မှာ ပျက်သွားရတာ။ အချိန်အခါမဟုတ်မိုးကြောင့် ပျက်ရတာ။ ဘာမှပြန်မရတော့ ပိုဆိုးတယ်။ အခု မိုးသီးနှံစိုက်ဖို့ စိုက်ပျိုးစရိတ်မရှိဖြစ်နေတယ်။” ဟု အထက်ပါတောင်သူက ဆက်ပြောသည်။
ဧရာဝတီတိုင်းတွင် မတ်ပဲနှင့် ပဲတီစိမ်းစိုက်ခင်းများ ရက်ဆက်ရွာသွန်းသည့်မိုးကြောင့် ပျက်စီးခဲ့သဖြင့် တောင်သူတစ်ဦးလျှင် ပျှမ်းမျှငွေကျပ် ၁၂ သိန်းနှင့်အထက် ဆုံးရှုံးခဲ့ရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
သတင်း + ဓာတ်ပုံ – ခန့်ခန့်
ယနေ့ခေတ်
ပြီးခဲ့သောလက ရက်ဆက်ရွာသွန်းသည့်မိုးကြောင့် ဧရာဝတီတိုင်းတွင် မတ်ပဲနှင့် ပဲတီစိမ်းခင်းများ ရေနစ်မြုပ်ပျက်စီးခဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်