ပြီးခဲ့သည့်တစ်လအတွင်း ဧရာဝတီတိုင်းတွင် လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူမှု အကြိမ် ၃၀ ကျော်ဖြစ်ပွား

ပုသိမ်၊ ဇူလိုင် ၆

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်ဇွန်လအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူသည့်မှုခင်း အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရ သည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်ဇွန်လ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာအတွင်း လုယက် ၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူသည့် ရာဇဝတ်မှု ၃၂ ကြိမ်အထိဖြစ်ပွားခဲ့ပြီး ကျူးလွန်သူအများစုကို ဖမ်းမိခြင်းမရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“တိုင်းအတွင်း လုယက်၊ ဓားပြတိုက်၊ ခိုးယူတဲ့ဖြစ်စဉ်တွေက တစ်ရက်နဲ့ တစ်ရက် ပိုအဖြစ်များလာတယ်။ သက်ဆိုင်ရာက ဖမ်းဆီးရှာဖွေရေးလုပ်ငန်းတွေကို လုပ်တော့လုပ်တာပဲ။ ကျူးလွန်သူအများစုကတော့ ဖမ်းမိတာမရှိဘူးလို့သိရတယ်။” ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့်တစ်လအတွင်း ဧရာဝတီတိုင်းတွင် လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူသည့် ရာဇဝတ်မှုများကို ဝါးခယ်မ၊ ပုသိမ်၊ ဘိုကလေး၊ မအူပင်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ မြောင်းမြ၊ လပွတ္တာ၊ ပန်းတနော် စသည့်မြို့နယ်များတွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများက ဆိုသည်။

“အိမ်ရှေ့ထားတဲ့ ကလေးစီးစက်ဘီးတောင်မခံနိုင်ဘူး အခိုးခံရတာ။ ပြီးခဲ့တဲ့ ၂၉ ရက်က အခိုးရတာ။ ရပ်ကွက်ထဲက အခြားအိမ်တွေလည်း နေလှန်းထားတဲ့အဝတ်အထည်တွေပါ ပျောက်နေတာ။ အရင်က အခုလိုဖြစ်စဉ်တွေရှိတယ်။ အခုလောက်တော့ အခြေအနေမဆိုးပါဘူး။ ပြောရရင် လောင်းကစားတွေပေါလာတာ၊ စီးပွားရေးတွေ ကျပ်တည်းလာပြီး အလုပ်အကိုင်တွေရှားပါးလာတော့ အခုလိုဖြစ်လာတာလို့ ပြောနိုင်တယ်။” ဟု မအူပင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁ ရက်မှ ၃၀ ရက်အထိ တစ်တာကာလအတွင်း လုယက်၊ ဖောက်ထွင်း၊ ခိုးယူလုယက်ဓားပြတိုက်ခံရသည့်ဖြစ်စဉ် ၂၇ ကြိမ်အထိသာ ဖြစ်ပွားခဲ့ခြင်းကြောင့် ဇွန်လ အတွင်း ရာဇဝတ်မှုခင်း ၆ ကြိမ်အထိ ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ခန့်ခန့်

ဓာတ်ပုံ – CJ

ယနေ့ခေတ်

ပြီးခဲ့သည့်တစ်လအတွင်း ဧရာဝတီတိုင်းတွင် လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူမှု အကြိမ် ၃၀ ကျော်ဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.