ပဲခူး၊ စက်တင်ဘာ ၅
ပဲခူးတိုင်းတွင် ပြီးခဲ့သည့်တစ်လအတွင်း သဘာဝဘေးဒဏ်ကြောင့် လူနေအိမ် ၂၀၀ နီးပါးပျက်စီးခဲ့ပြီး ဦးရေ ၂၀၀ ကျော် သဘာဝဘေးဒဏ် ခံစားခဲ့ရကြောင်း ဒေသခံ သဘာဝဘေး ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
ပဲခူးတိုင်းတွင် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှ ၃၁ ရက် အထိ တစ်လအတွင်း လေပြင်းတိုက်ခတ်မှုနှင့် ရေကြီးရေလျံမှုဒဏ်ကြောင့် နေအိမ် ၂၀၀ နီးပါးပျက်စီးဆုံးရှုံးခဲ့ပြီး လက်ပံ တန်းမြို့နယ်တွင် နေအိမ်များအများဆုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“ တစ်လစ်အတွင်း ခြုံပြောရရင် နေအိမ်ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့တယ်။ အခုအချိန်အထိ လေဘေးဒဏ်ကြောင့် နလန်မထူသေးတဲ့သူတွေရှိတယ်။ တစ်လအတွင်း သဘာဝဘေးဒဏ် တွေကို မင်းလှမြို့နယ်နဲ့ လက်ပံတန်းမြို့နယ်တွေက အများဆုံးခံစားခဲ့ရတယ်။ သက်ဆိုင်ရာက လတ်တလော ထောက်ပံ့တာတွေလောက်ပဲရှိတယ်လို့ သိရတယ်။” ဟု သဘာဝဘေး ကာကွယ်ရေး ဆောင်ရွက်နေသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့်တစ်လအတွင်း သဘာဝဘေးဒဏ်ကြောင့် နေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် လက်ပံတန်းမြို့နယ်အတွင်းမှ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်းလည်း ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရပြီး အကူညီများလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ လေပြင်းကြောင့် ပျက်စီးခဲ့ရတဲ့အိမ်တွေကများတယ်။ အကူအညီတွေလိုအပ်နေတယ်။ သက်ဆိုင်ရာက ကူညီတာက လတ်တလောအဆင်ပြေဖို့လောက်ပါပဲ။ နေအိမ်တွေဆောက် ဖို့ ရေရှည်မှာအကူအညီတွေလိုအပ်နေတယ်။ ငွေကြေးတတ်နိုင်သူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြုပြင်ပြန်ဆောက်တာပေါ့။ ငွေကြေးမတတ်နိုင်သူတွေက အခုအထိမလုပ်ရသေး ဘူး။ လူသေဆုံးတဲ့အထိ ဖြစ်တာနည်းပါတယ်။” ဟုဒေသခံတစ်ဦးကပြောသည်။
သဘာဝဘေးဒဏ်များကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် လျှပ်စစ်မီးတိုင်းများ ကျိုးကျပျက်စီးခြင်းနှင့် လမ်းပိုင်းများ မြေပြိုပျက်စီးခြင်းများလည်း ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းတွင် ပြီးခဲ့သည့် တစ်လအတွင်း ရေကြီးရေလျှံမှုဒဏ်ကြောင့် ယခုနှစ်စိုက်ပျိုးပြီး မိုးစပါးခင်းများလည်း ပျက်စီးခဲ့ရသဖြင့် ပြန်လည်စိုက်ပျိုးရသည်မှာ ၃ ကြိမ်အထိ ရှိလာ ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဝဏ္ဏ
#ယနေ့ခေတ်
Photo-CJ
ပြီးခဲ့သည့်တစ်လအတွင်း သဘာဝဘေးဒဏ်ကြောင့် ပဲခူးတိုင်း၌ လူနေအိမ် ၂၀၀ နီးပါး ပျက်စီးဆုံးရှုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်