ပြီးခဲ့သည့်တစ်လအတွင်း မအူပင်မြို့နယ်တွင် လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းမှု ၁၇ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ ဟုဆို

မအူပင်၊ ဧပြီလ ၆

ပြီးခဲ့သည့်မတ်လအတွင်း မအူပင်မြို့နယ်တွင် လုယက်၊ ဓားပြတိုက်၊ ဖောင်ထွင်းခိုးယူမှု ၁၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတရားခံများကို ဖမ်းမိခြင်းမရှိခဲ့ကြောင်း ရဲ တပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း မအူပင် မြို့နယ်တွင် လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူမှု ၁၇ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး လုယက်ဖောက်ထွင်း ခိုးယူခံရသည့်ဖြစ်စဉ် အများဆုံးဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောသည်။

“ မအူပင်မှာ လုယက်၊ ဓားပြတိုက်၊ ခိုးယူတဲ့ဖြစ်စဉ်တွေက တနေ့ထက်တနေ့ ပိုအဖြစ်များလာတယ်။ အာဏာပိုင်တွေကလည်း ဒုစရိုက်သမားတွေကို ဖမ်းဆီးစစ်ဆေးနှိမ်နင်းတာ အတော်အားနည်းတယ်။ ကမ်းနားလမ်းအတိုင်းလျောက်လာတဲ့ ကောင်မလေးဆို ဆိုင်ကယ်မောင်းလာတဲ့အဖွဲ့ရဲ့ ဆွဲကြိုးဖြတ်လုတာကို ခံရတာ။ ကောင်မလေးရဲ့ လည်ပင်းတောင် ဒဏ်ရာတွေမနည်းရသွားသေးတယ်။” ဟု ၎င်းကဆက်ပြောသည်။

မအူပင်မြို့နယ်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ တစ်လအတွင်း လုယက်၊ ဖောက်ထွင်း၊ ခိုးယူ၊ ဓားပြတိုက်ခံရမှု ၁၃ ကြိမ်အထိသာဖြစ်ပွားခဲ့ပြီး၊ မတ်လအတွင်း ၁၇ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ခြင်းကြောင့် ယခင်လထက် ၄ ကြိမ်အထိ ပိုမိုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ အရင်က ဘယ်ပစ္စည်းဘယ်နားထားထား ပျောက်တယ်ဆိုတာလုံးဝမရှိဘူး။ မအူပင်မြို့ကြီးက အရမ်းအေးချမ်းတာ။ အခုရေ မြောင်းတွေဖုံးထားတဲ့ သံအဖုံးတွေဆို မကြာခဏအခိုးခံနေရတယ်။ နေ့ခင်းကြောင်တောင် မျက်နှာဖုံးစွပ်ထားတဲ့သူတွေက ဓားပြတိုက်လို့ ဖုန်းဆိုင်တွေ ဓားပြတိုက်ခံရသေးတယ်။ ရဲတိုင်တော့လည်း ဘာမှမထူးဘူး။ အခု ကိုယ့်အိမ်ရှေ့ကိုယ် ဆိုင်ကယ်တောင်မရပ်ထားရဲဘူး ဖြစ်နေတယ်။ သတိမေ့သွားတာနဲ့ ပါသွားရော။ အလုပ်အကိုင် ရှားပါးလာတာကြောင့် ငတ်ပြတ်လာပြီး ဒီလိုပြဿနာတွေ ဖြစ်လာတာ။” ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့်တစ်လအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူမှုများသည် မတ်လ ပထမအပတ်နှင့် ဒုတိယအပတ်တွင် အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မအူပင်မြို့နယ်တွင် သက်ဆိုင်ရာက နှစ်ရက်တစ်ကြိမ်၊ သုံးရက်တစ်ကြိမ် ကင်းလှည့်စစ်ဆေးမှုများလုပ်နေသော်လည်း နိုင်ငံရေးသမားများနှင့် အခြားနိုင်ငံရေးနှင့်ဆက်စပ်သူများသာ ဖမ်းဆီးခံခဲ့ရပြီး၊ ဒုစရိုက်သမားများကို ဖမ်းမိခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။

ခန့်ခန့်

ဓာတ်ပုံ- CJ

ယနေ့ခေတ်

ပြီးခဲ့သည့်တစ်လအတွင်း မအူပင်မြို့နယ်တွင် လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းမှု ၁၇ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.