တဲအဗစ်၊ နိုဝင်ဘာ ၂၅
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ဂါဇာဒေသတွင် ဖမ်းဆီးခံထားရသူများထဲမှ ၁၃ ဦး ပြန်လည်လွှတ်မြောက်လာခြင်းကို ကြိုဆိုကြောင်း၊ ဟားမက်စ်အဖွဲ့ လက်ထဲတွင် ကျန်ရှိ နေသူများကို ပြန်လွှတ်မြောက်အာင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဟားမက်စ် လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာ ၂၇ ရက်နေ့က အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီး အစ္စရေးစစ်သားများအပါအဝင် လူပေါင်း ၂၄၀ ကျော်ကို ဓာစားခံအဖြစ် ပြန်ပေးဆွဲခဲ့ရာ အဆိုပါ ပြန်ပေးဆွဲခံထားရသူအားလုံး အိမ်ပြန်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်က ဆိုသည်။
နိုဝင်ဘာ ၂၄ ရက်၊ ညပိုင်းတွင် ဟားမက်စ် လက်နက်ကိုင်အုပ်စုက လွှတ်ပေးခဲ့သော ပြန်လွှတ်မြောက်သူ ၁၃ ဦးထဲတွင် အစ္စရေးကလေးငယ်လေးဦးနှင့် အမျိုးသမီးကိုးဦး ပါဝင်ခဲ့ ကြောင်း၊ ထိုအပြင် အီဂျစ်နှင့် ကာတာတို့၏ ကြားဝင်စေ့စပ်ပေးမှု သီးခြားသဘောတူညီမှုအရ ထိုင်းနိုင်ငံသား ၁၀ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးလည်း ပြန်လည်လွတ်မြောက် လာခဲ့ကြောင်း အစ္စရေးအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။
၎င်းတို့သည် ဟားမက်စ်အဖွဲ့လက်ထဲတွင် ဓားစားခံအဖြစ် ရက်ပေါင်း ၄၉ ရက်ကြာ ဖမ်းဆီးခံရပြီးနောက် အသက်ရှင်လွတ်မြောက်လာခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ်က “ ပြန်ပေးဆွဲခံထားရသူများထဲမှ ပထမအသုတ်ကတော့ အပြည့်အဝ ပြန်လွှတ်မြောက်လာတယ်။ ကလေးငယ်တွေ၊ မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ခဲ့တယ်။ ကျွန်တော်တို့ဟာ ပြန်ပေးဆွဲခံထားရသူအားလုံးကို ပြန်လွှတ်မြောက်အောင် လုပ်ဆောင်သွားမှာပါ။ ပြန်ပေးဆွဲခံထားရသူ အားလုံးပြန်လွှတ်မြောက်ရေးက စစ်ပွဲ ရည်မှန်းချက်တွေထဲကတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ဟာ စစ်ပွဲရည်မှန်းချက်အားလုံး ရရှိအောင်လုပ်ဆောင်သွားမယ်။” ဟု ပြောသည်။
ထိုအပြင် အမေရိကန်သမ္မတကလည်း ပြန်ပေးဆွဲခံထားသူများထဲမှ အချို့ ပြန်လွှတ်မြောက်လာခြင်းကို လက်ခံကြိုဆိုကြောင်း၊ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုအနေဖြင့် အရပ် သားများ ထိခိုက်သေဆုံးမှု နည်းပါးအောင် ကြိုးပမ်းရေးကို အာရုံစိုက်ရမည်ဖြစ်ကြောင်း ပြောသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုအနေဖြင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရေး ကြိုးပမ်းနေသလို ရည်ရွယ်ချက်များရရှိအောင် လုပ်ဆောင်နေကြောင်း အမေရိကန်သမ္မတက ပြောသည်။
အစ္စရေးသည် ပြန်လည်လွတ်မြောက်လာသူများကို လိုအပ်သော စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ ပင်ပန်းနွမ်းလျမှုများနှင့် အခြား ကျန်းမာရေးစစ်ဆေးကုသရန်အတွက် ဆေးရုံတွင် ကုသပေးနေပြီး ပြန်လွှတ်မြောက်လာသူ ၁၃ ဦးအနက်မှ ရှစ်ဦးက ကျန်းမာရေးအခြေနေကောင်းမွန်ကြောင်း အစ္စရေးအစိုးရ တာဝန်ရှိသူများက ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်တို့ ယာယီအပစ်ခတ်ရပ်စဲရေး ဒုတိယမြောက်နေ့ဖြစ်သော နိုဝင်ဘာ ၂၅ ရက်နေ့တွင် ဟားမက်စ် လက်နက်ကိုင်အဖွဲ့သည် ပြန်ပေးဆွဲထားသူများအနက်မှ ၁၁ ဦး ပြန်လွှတ်ပေးဖွယ်ရှိနေကြောင်း သိရသည်။
ဟားမက်စ်အဖွဲ့က ပြန်ပေးဆွဲခဲ့သူများထဲတွင် အစ္စရေးနိုင်ငံသားအနည်းဆုံး ၅၀ ကျော်ပါဝင်နေကြောင်း သိရသည်။
ပြန်ပေးဆွဲခံရသူများ ပြန်လွှတ်မြောက်လာခြင်းကို လက်ခံကြိုဆိုပြီး အားလုံးလွှတ်မြောက်လာရန် လုပ်ဆောင်မည်ဟု အစ္စရေးဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်