ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်အား ပုဒ်မ ၅၀၅ (က)ဖြင့်အမှုဖွင့်၍ ဖမ်းဆီးကြောင်း သတင်းများထွက်ပေါ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၉

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်အား ယမန်နေ့ ညက ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်၍ ဖမ်းဆီးအရေးယူကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ဦးရဲထွဋ်အား ယမန်နေ့ ည ၈ နာရီခွဲက ရန်ကုန်မြို့၊ အလုံမြို့နယ်ရဲစခန်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်၍ တိုင်တန်းခြင်းဟု ထွက်ပေါ်နေသော သတင်းများအရ သိရသည်။

တရားလိုက ဦးရဲထွဋ်အား ပြည်သူလူထုအား အထိတ်တလန့်ဖြစ်စေရန် ကြံရွယ်ပြီး မမှန်သတင်းများဖြန့်ဝေမှု၊ အစိုးရဝန်ထမ်းများ ပြစ်မှုကျုးလွန်လာစေရန် ရည်ရွယ်လှုံဆော်ခြင်း တို့အတွက် အလုံမြို့နယ်ရဲစခန်းတွင် ယမန်နေ့ ညက လာရောက်အမှုဖွင့်လှစ်ခြင်းဟု ထွက်ပေါ်နေသောသတင်းများအရ သိရသည်။

ထို့နောက် အလုံမြို့နယ်ရဲစခန်းက (ပ) ၂၁၆/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခဲ့ကာ ဖမ်းဆီး၍ ရမန်ယူပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဟု သတင်းများအရ သိရသည်။

ထိုသို့ သတင်းများထွက်ပေါ်နေမှုအပေါ် ယနေ့ခေတ်အနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်းမရှိသေးပဲ အလုံမြို့နယ်ရဲစခန်းအား ဖုန်းဆက်သွယ်၍ မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

စစ်ဘက်ဆိုင်ရာ အရာရှိဟောင်းတစ်ဦးဖြစ်သူ ဦးရဲထွဋ်မှာ သမ္မတဦးသိန်းစိန်လက်ထက်တွင် သမ္မတ၏ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးတာဝန်များအား ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

NLD အစိုးရလက်ထက်နှင့် ယခုကာလအတွင်း ဦးရဲထွဋ်သည် ခရီးသွားလာခြင်းနှင့် လူမှုကွန်ရက်ပေါ်တွင် စာရေးသားခြင်းများ ပြုလုပ်လျက်ရှိကြောင်း ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြချက်များအရ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်တစ်ခုရေးသားရာမှ ဝေဖန်မှုများမြင့်တက်ခဲ့ပြီးနောက် ယမန်နေ့ ညက အမှုဖွင့်ဖမ်းဆီးခံရသည်ဟု သတင်း များထွက်ပေါ်လာသည်။

မောင်ဇော်

Photo – Ye Htut Facebook

#ယနေ့ခေတ်

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်အား ပုဒ်မ ၅၀၅ (က)ဖြင့်အမှုဖွင့်၍ ဖမ်းဆီးကြောင်း သတင်းများထွက်ပေါ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.