ရန်ကုန်၊ အောက်တိုဘာ ၉
ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ချို့ အလုပ်သမားများထံမှ ငွေကြိုယူ၍ အလုပ်သမားစေလွှတ်ခြင်းမရှိဘဲ လိမ်လည်မှုများရှိနေကြောင်း အလုပ်သမားများ၏ ပြောပြချက်အရ သိရသည်။
“ သူတို့က ငွေကိုကြိုတင်တောင်းတယ်။ ၅ သိန်းအရင်ပေးရမယ်။ ပတ်စ်ပို့အတွက်က သပ်သပ်ပေးရမယ်တဲ့။ ပိုက်ဆံလည်းပေးပြီးရော အဆက်အသွယ်ပါ လုပ်လို့မရတော့ဘူး။ အခုဆို ဘယ်အေဂျင်စီနဲ့ ချိတ်ရမှန်းတောင်မသိ ဖြစ်နေပြီ” ဟု ပြည်ပတွင် အလုပ်လုပ်ရန်ကြိုးပမ်းပြီး အလိမ်ခံခဲ့ရသူ မချိုချိုဝင်းက ပြောသည်။
ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူ များပြားနေပြီး အေဂျင်စီတစ်ချို့မှလည်း အခွင့်ကောင်းယူကာ လိမ်လည်မှုများ ရှိနေခြင်းဖြစ်သည်။
“ အေဂျင်စီတွေမှာက သူ့အခက်အခဲနဲ့သူရှိပါတယ်။ ပိုက်ဆံကြိုယူပြီး လုပ်သားမပို့ပေးတာတော့မဟုတ်ပါဘူး။ တစ်ဖက်နိုင်ငံက အလုပ်ရှင်တွေက အကြောင်းအမျိုးမျိုးကြောင့် မခေါ်တော့တာတွေရှိလာတယ့်အခါ မပို့ဖြစ်ဘူးပေါ့။ တမင်မပို့တာတော့ မဟုတ်ပါဘူး။ တစ်ကယ်လို့ မပို့ဖြစ်ခဲ့ရင်လည်း မြန်မာအေဂျင်စီတွေက တာဝန်ယူဖြေရှင်းပေးပါတယ်။” ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း အလုပ်သမားများဆီက ဝန်ဆောင်ခငွေ ကြိုတင်ရယူပြီး ပြည်ပတွင်အလုပ်လုပ်ရန် မစီစဉ်ပေးနိုင်မှုကြောင့် ပြဿနာဖြစ်နေသည့် ပြည်ပအလုပ်အ ကိုင် အေဂျင်စီနှစ်ခုကို အလုပ်သမားဝန်ကြီးဌာနက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရာသက်ပန်ပိတ်သိမ်းထားသည်။
လက်ရှိအချိန်အထိ အကျိုးဆောင်လိုင်စင် ရာသက်ပန်ပိတ်သိမ်းခံရသည့် အေဂျင်စီ ၂၅ ခုရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရပြီး၊ လက်ရှိတွင် ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင်ရယူထားသည့် အေဂျင်စီ ၄၅၅ ခုအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
စုစု
ဓာတ်ပုံ – ဆိုးလ်မြို့၊ မြန်မာသံရုံး
ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ အလုပ်သမားများထံမှ ငွေကြိုယူ၍ လိမ်လည်မှုများရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်