ရန်ကုန်၊ မတ် ၁၁
PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ထွက်ခွာမည့်သူများ အလုပ်သမားဝန်ကြီးဌာနသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
PJ နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) လက်ဝယ်ရှိနေသူများသည် အေဂျင်စီအစီအစဉ်ဖြင့်သော်လည်းကောင်း၊ မိမိအစီအစဉ်(ကျွမ်း ကျင်)ဖြင့်သော်လည်းကောင်း၊ ခွင့်နှင့်ပြန်လာပြီး ခွင့်ရက်စေ့ကာ ပြန်လိုခြင်းကြောင့်သော်လည်းကောင်း ပြည်ပနိုင်ငံများသို့ထွက်ခွာမည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနသို့ သတ် မှတ်စာရွက်စာတမ်းများနှင့်အတူ Online မှတဆင့်လျှောက်ထားကာ (လူကိုယ်တိုင်လာရောက်ခြင်းမပြုရန်) ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အကြောင်းကြားရာတွင် (က) အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့လိပ်မူ၍ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ကိုရယူရန် လျှောက်ထားသည့်စာ၊ (ခ) နိုင်ငံကူးလက်မှတ်မိတ္တူ(ဓာတ်ပုံပါစာမျက်နှာနှင့် နေထိုင်ခွင့်သက်တမ်းစာမျက်နှာ)၊ (ဂ) သက်တမ်းရှိနေသည့် ပြည်ပအလုပ်အကိုင် အလုပ်သ မားသက်သေခံကတ် (OWIC) ရှေ့/နောက်မိတ္တူ၊ (ဃ) ခွင့်ပြန်အလုပ်သမားများဖြစ်ပါက သက်တမ်းရှိနေသည့် အလုပ်လုပ်ခွင့်ပါမစ်မိတ္တူနှင့် အလုပ်ရှင်က ခွင့်ဖြင့်နေရပ်သို့ပြန်ရန် ခွင့်ပြုသည့်ခွင့်စာ၊ (င) အေဂျင်စီများအနေဖြင့် ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက်တင်ပြရာတွင် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်နေသည့် သက်ဆိုင်ရာ Email များသို့ တင်ပြရန်၊ (စ) မိမိအစီအစဉ်ဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် တင်ပြရာတွင် သတ်မှတ်အထောက်အထားများနှင့်အတူ migrantde-partures@gmail.comသို့ ပေးပို့လျှောက်ထားရန်၊ (ဆ) အနည်းဆုံး ရုံးပိတ်ရက်(မပါ) ၅ ရက်ကြိုတင်၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
“ ပြည်ပကနေခွင့်နဲ့ပြန်လာလို့တောင် အဆင်မပြေဘူး။ အလွယ်တကူ ပြန်ထွက်လို့ရတော့မှာမဟုတ်ဘူး။ လက်ရှိ အထဲကလူတွေတောင် အကုန်တိုင်ပတ်ကုန်တာ။ အဆင်မပြေဘူး။” ဟု ပြည်ပထွက်ခွာမည့်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဝန်ကြီးဌာနအနေဖြင့် စိစစ်ပြီးနောက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုသည့်စာရင်းများကို Safe Migration Telegram Channel တွင် ကြေညာပေးမည်ဖြစ်ပြီး သက်ဆိုင်ရာလေဆိပ်များသို့လည်း ပေးပို့ထားမည်ဖြစ်ကြောင်း၊ ဤအသိပေးကြေညာချက်ပါလုပ်ငန်းစဉ်အား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက် (တနင်္လာနေ့)တွင် စတင်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
#စုစု
Photo- MyanmarLabourNews (တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြမည့် မြန်မာလုပ်သားများ)
#ယနေ့ခေတ်
ပြည်ပသို့ သွားရောက်အလုပ်လုပ်မည့်သူများ အလုပ်သမားဝန်ကြီးဌာနသို့ အကြောင်းကြားရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်