ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၄၀ နီးပါး လျော့ကျနေ

ရန်ကုန်၊ အောက်တိုဘာ ၄

မြန်မာနိုင်ငံမှထွက်ရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ သန်း ၁၄၀ နီးပါး လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံကျော်ရရှိထားပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၆၅ ဘီလီယံ ကျော် ရရှိထားခြင်းဖြစ်သည်။

အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၃၅ ဒသမ ၆၆၀ သန်း လျော့ကျခဲ့ကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

“ ဆန်တင်ပို့မှုကတော့ လျော့ကျတယ်။ အသီးအနှံတွေကျတော့လည်း ရာသီပေါ် ကျမှ ပို့ကြတာများတယ်။ ရာသီပေါ်ပို့တာတောင် ကုန်သည်တွေက သိပ်မပို့ ကြတော့ဘူး။ မူဝါဒ တွေက အမျိုးမျိုးပြောင်းနေကြတော့ သိပ်မပို့ကြတာ။” ဟု ပြည်ပဆန်တင်ပို့သည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဆန်နှင့် ဆန်ကွဲ၊ ပဲအမျိုးမျိုးနှင့် ပြောင်းတို့သည် စိုက်ပျိုးရေးကဏ္ဍတွင် အဓိကတင်ပို့သည့် ပစ္စည်းများဖြစ်ပြီး သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၊ နှမ်း၊ လက်ဖက်ခြောက်၊ သကြားနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များကိုလည်း အခြားနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများကို တရုတ်၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံများသို့ တင်ပို့လျက်ရှိ ကြောင်း သိရသည်။

စုစု

ဓာတ်ပုံ- ယနေ့ခေတ်

#ယနေ့ခေတ်

ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၁၄၀ နီးပါး လျော့ကျနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.