ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၆၄ ဘီလီယံရရှိရန် ခန့်မှန်း

ရန်ကုန်၊ ဇန်နဝါရီ ၈

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံခန့်အထိရရှိရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည် များအသင်းမှ သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၉ သန်း တင်ပို့ နိုင်ခဲ့သဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ယင်းပမာဏအတိုင်းတင်ပို့နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိ သည်ဟု အသင်းတာဝန်ရှိသူက ပြောသည်။

“ဒီနှစ်မှာလည်း ယခင်နှစ်တွေရဲ့တင်ပို့နှုန်းအတိုင်း ဖြစ်ခဲ့မယ်ဆိုရင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၄ ဘီလီယံလောက်အထိ တင်ပို့ငွေရရှိနိုင်ဖို့ မျှော်မှန်းထားပါတယ်။” ဟု ဆိုသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပျမ်းမျှတန်ချိန် ၂ သန်းခန့် ရှိခဲ့ရာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံအထိ နိုင်ငံခြားဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ဒေသထွက် ပဲမျိုးစုံက နိုင်ငံတကာသို့တင်ပို့ရာတွင် ကုန်ကြမ်းများတင်ပို့နေခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တင်ပို့နိုင်ပါက ပို့ကုန်တန်ဖိုး ပိုမိုများပြားလာနိုင်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများလည်း များပြားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပဲမျိုးစုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့ရောင်းချပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူနိုင်ငံများသို့တင်ပို့ကာ အီးယူနိုင်ငံများ၏ ဝယ် လိုအားလည်းရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစဉ်းငုံတန်ချိန် ၁ သိန်းတို့ကို ဝယ်ယူတင်သွင်းရန် မြန်မာနိုင်ငံနှင့် MoU လက်မှတ်ရေးထိုးထားကြောင်း သိရ သည်။

ထို့အပြင် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း အိန္ဒိယအစိုးရက မြန်မာ့ပဲစဉ်းငုံတန်ချိန် ၄ သိန်းနှင့် မတ်ပဲတန်ချိန် ၁ သန်း ဝယ်ယူတင်သွင်းရန်ရှိကြောင်းလည်း အိန္ဒိယအစိုးရ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အသင်းအနေဖြင့် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အထကောင်းများကို ကျင့်သုံး၍ မိမိတို့ပို့ကုန်များ၏ အရည် အသွေးကောင်းမွန်ခြင်း၊ ကျန်းမာရေးနှင့်ပြည့်စုံခြင်း၊ ဘေးဥပဒ်ကင်းရှင်းခြင်း စသည့်အချက်များနှင့် ကိုက်ညီစေရန် ကြိုးစားဆောင်ရွက်ရန်လိုအပ်သည်ဟု တိုက်တွန်းထားကြောင်း သိရသည်။

တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံစိုက်ပျိုးနေပြီး ပဲမျိုးစုံစိုက်ဧက၏ ၇၂ ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်းစိုက်ပျိုးကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၆၄ ဘီလီယံရရှိရန် ခန့်မှန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.