ပြည်ပသို့ဆန်တင်ပို့ရန် လိုင်စင်အသစ်ထုတ်ပေးမှု ယာယီရပ်နားမည်

ရန်ကုန်၊ ဩဂုတ် ၂၈

ပြည်တွင်းဆန်ဈေးနှုန်း မြင့်မားနေသည့်အတွက် ပြည်ပဆန်တင်ပို့ရန် လိုင်စင်အသစ်ထုတ်ပေးမှု ယာယီရပ်နားထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုဩဂုတ်လကုန်မှစတင်၍ ယခင်လိုင်စင်အဟောင်းဖြင့် တင်ပို့ခွင်ပြုထားသော်လည်း လိုင်စင်အသစ်လျှောက်ထားခြင်း ခွင့်မပြုတော့ဘဲ ၄၅ ရက် ယာယီရပ်နားထားမည်ဖြစ် ကြောင်း သိရသည်။

“ပြည်တွင်းဆန်ဈေးကြီးလို့ ဆန်တင်ပို့ခွင့် ခဏရပ်ထားလိုက်တာ။ လိုင်စင်အဟောင်းနဲ့ ပို့လို့ရတယ်။ လိုင်စင်အသစ် လျှောက်လို့မရဘူး” ဟု MRF မှ တာဝန် ရှိသူက ပြောသည်။

လာမည့်နိုဝင်ဘာလတွင် မိုးစပါးစပေါ်မီဖြစ်ပြီး မိုးစပါးမပေါ်မီ ကြားကာလအတွင်း ဆန်ဈေးကွက်အတွင်း ဆန်ကြမ်းရော ဆန်ချောပါ ဈေးနှုန်းမြင့်တက်နေပြီး မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်အနေဖြင့် ဆန်ဈေးနှုန်းကျဆင်းစေရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

ဈေးကွက်အတွင်း ဆန်ချောတစ်အိတ်လျှင် ကျပ်နှစ်သိန်းနီးပါးရှိနေပြီး ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်တစ်သိန်းနီးပါးထိ ရှိနေကြောင်း သိရသည်။

“အိတ်စ်ပို့ပိတ်လိုက်တော့ ဆန်ဈေးက အထိုက်အလျောက်တော့ ကျသွားနိုင်တယ်။ မိုးစပါးမပေါ်မီ ဒီအချိန်က ဆန်ဈေးတက်နေကြဘဲ။ ဒီအချိန် တောင်သူလက်ထဲ စပါးမရှိတော့ ဘူး။ လှောင်သူလက်ထဲမှာဘဲရှိတယ်။ သူထုတ်ရောင်းတဲ့ ပမာဏအပေါ်မူတည်ပြီး ဆန်ဈေးအပြောင်းအလဲတော့ရှိမှာဘဲ” ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့မှုသည် ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော်ကျဆင်းနေပြီး ပြည်ပသို့ ဧပြီလမှ ဇူလိုင်လအထိ ဆန်တန်ချိန် သုံးသိန်းနှစ် သောင်း တင်ပို့ထားကြောင်း၊ ဆန်တင်ပို့မှုမှ ပို့ကုန်ရငွေ ၁၃၈ သန်းသာရရှိခဲ့ပြီး လွန်ခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ကန်ဒေါ်လာ သန်းရှစ်ရာကျော်ရရှိ ထားကြောင်း သိရသည်။

အောင်သူရိန်

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ပြည်ပသို့ဆန်တင်ပို့ရန် လိုင်စင်အသစ်ထုတ်ပေးမှု ယာယီရပ်နားမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.