ပြည်ပလစာငွေလွှဲ ဝင်ရောက်မှုနှင့် သွင်းကုန်လျော့ကျသဖြင့် နှစ်သစ်ကူးကာလ ဒေါ်လာဈေး ကျဆင်း

ရန်ကုန်၊ဇန်နဝါရီ ၂

ပြည်ပရောက် မြန်မာလုပ်သားများ၏ လစာလွှဲငွေဝင်ရောက်မှုနှင့် သွင်းကုန်တင်သွင်းမှု လျော့ကျလာခြင်းတို့ကြောင့် နှစ်သစ်ကူးကာလတွင် ဒေါ်လာဈေးကျဆင်းခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ပြန်လွှဲရမည်ဟု နစကက သတ်မှတ်ထုတ်ပြန်ထားသည်။

“ အခု ပြည်ပကနေ လုပ်ခလစာတွေကို ပြန်ဝင်လာကြတယ်။ ပြီးတော့ သွင်းကုန်တင်သွင်းမှုကလည်းလျော့တော့ ဒီရက်ပိုင်းက ဒေါ်လာဈေးကျနေတာ။ ပြီးတော့ ဒေါ်လာဈေးဖွင့်ပေး ပြီးတဲ့နောက်မှာလည်း ဈေးကအရမ်းကြီး ထိုးတက်သွားတာမျိုး မတွေ့ရဘူး။ သူ့ဟာနဲ့သူ ပုံမှန်လည်ပတ်နေတော့ အဆင်ပြေနေတာပေါ့။” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော သည်။

ယခုရက်ပိုင်းအတွင်း ပြည်တွင်းဈေးကွက်၌ ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေးနှုန်းသည် ဒီဇင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာ ၃၅၀၀ ကျပ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် တစ်ဒေါ်လာ ၃၄၈၀ ကျပ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် တစ်ဒေါ်လာ ၃၄၆၀ ကျပ်၊ ဒီဇင်ဘာ ၃၀ ၊ ၃၁ နှင့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တို့တွင် တစ်ဒေါ်လာ ၃၄၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သွင်းကုန်တင်သွင်းမှုအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ထက်ဝက်လျော့ကျနေကြောင်း သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ မဇင်မီက ပြောသည်။

“ ပြောရမယ်ဆိုရင် နည်းသွားတယ်။ ပစ္စည်းတွေအများကြီး အဝင်မရှိတော့ဘူး။ ပြီးတော့ လမ်းခရီးပိုင်းကလည်း သိပ်အဆင်မပြေတော့ အဝင်ကသိပ်မရှိတော့ဘူး။ တချို့နယ်စပ် ပေါက်တွေ ပိတ်ထားတာတွေလည်းရှိနေတော့ ဒီနှစ်က ပြောရမယ်ဆိုရင် တစ်ဝက်မကလျော့သွားတာပေါ့” ၎င်းကရှင်းပြသည်။

ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ ပြည်ပမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၈ ဘီလီယံကျော်တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများကို တင်သွင်းခဲ့ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ပြည်ပလစာငွေလွှဲ ဝင်ရောက်မှုနှင့် သွင်းကုန်လျော့ကျသဖြင့် နှစ်သစ်ကူးကာလ ဒေါ်လာဈေး ကျဆင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.